Saturday, November 3, 2012

မြိတ်မြို့ရှိ ငါးအမှုန့်ကြိတ် စက်ရုံများတွင် လမုပင်(ဒီရေတောများ)ကို လောင်စာအဖြစ် အဓိကအသုံးပြု စက်တစ်လုံးအတွက် တစ်နေ့လျှင် သစ်လောင်စာတန် ၂၀ အသုံးပြုနေကြကြောင်း သိရ

မြိတ်မြို့ရှိ ငါးအမှုန့်ကြိတ် စက်ရုံများတွင် လမုပင်များ(ဒီရေ တောများ)ကို လောင်စာအဖြစ် အဓိက အသုံးပြုပြီး ငါးအမှုန့်ကြိတ်စက် တစ်လုံးအတွက် တစ်နေ့လျှင်လောင်စာအဖြစ် သစ်တန် ၂၀ အသုံးပြုကြကြောင်း သိရသည်။ ငါးအမှုန့်ကြိတ် စက်ရုံများကို တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်မြို့တွင် အဓိကလည်ပတ်နေပြီး ပင်လယ်ပြင်အတွင်းမှ ဖမ်းဆီးရမိသော ပါကေးငါးများကြိတ်ကာ ငါးအမှုန့်များပြုလုပ်ပြီး ပြည်ပနိုင်ငံများသို့ တင်ပို့ပေးနေကြောင်း သိရသည်။ မြိတ်မြို့တွင် ငါးအမှုန့်ကြိတ်စက်ရုံ လုပ်ကိုင်သောကုမ္ပဏီ ငါးခုရှိကာ စက်အလုံးရေ ၁၈ လုံးဖြင့် လုပ်ကိုင်နေကြောင်း သိရသည်။
“အခြေအနေတွေအရ လောင်စာအဖြစ် ဒီရေတောတွေကို
အဓိကသုံးစွဲနေတာ တွေ့ရတယ်။ လောင်စာအဖြစ်သုံးစွဲရာမှာ ဆီအုန်း၊ ရော်ဘာ စိုက်ခင်းတွေအတွက် အပြောင်ရှင်း ဧရိယာတွေကနေ နှစ်ပေအောက် သစ်အပိုင်းစများကို နိုင်ငံတော်အတွက်၊ ဌာနအတွက် အခွန်ငွေပေးသွင်းစေပြီး ကိုင်းဖျား၊ ကိုင်းနားတွေကို ထုတ်ယူသုံးစွဲဖို့ စီစဉ်ထားပါတယ်။ တရားဝင် သစ်ထုတ်လုပ်ငန်းတွေ၊ သစ်စက်တွေက ရရှိတဲ့ လွှစာမှုန့်တွေ၊ အကာသားတွေ၊ သစ်ဆုံ၊ သစ်ခေါက်တွေကို သုံးဖို့ကိုလည်း တိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးက တွန်းအားပေး လုပ်ဆောင်ထားစေတဲ့အပြင် လောင်စာဆီနဲ့ လည်ပတ်ဖို့ကိုလည်း ညွှန်ကြားထားပါတယ်” ဟု သစ်တောဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ငါးအမှုန့်ကြိတ်စက်ရုံများ အားလုံးအတွက် တစ်နေ့လည်ပတ်ရန် သစ်တန်ချိန် ၃၆၀ လိုအပ်နေပြီး စက်ရုံတစ်ခုတွင် လမုပင်(ဒီရေတော) များ တန်ချိန်ထောင်နှင့်ချီ၍ သိုလှောင်ထားကြောင်း သိရသည်။ လမုတော (ဒီရေတောများ)များကို ဒေသခံများက စားဝတ်နေရေးအတွက်သော်လည်းကောင်း၊ လူနေတဲအိမ်လေးများ ဆောက်လုပ်ရန်လည်းကောင်း၊ မီးဖိုချောင်လိုအပ်ချက်များအရ မီးသွေးအဖြစ် ပြုလုပ်ကာ ရောင်းချမှုများလည်း ရှိကြောင်း၊ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် မီးသွေး ၈၀၃၆ ဒသမ ၀၂၆ ကုဗတန် ထုတ်လုပ်ခွင့် ပြုထားကြောင်း သိရသည်။
ဒီရေတောများကို အဆမတန် ထုတ်ယူသုံးစွဲမှုများကြောင့် ၁၉၈၈ ခုနှစ်မတိုင်မီက တနင်္သာရီတိုင်းဒေသကြီးတွင် ဒီရေတောဧရိယာ ၆၄၇၅၇၁ ဧကရှိခဲ့ရာမှ ၂၀၁၀ ပြည့်နှစ်တွင် မှတ်တမ်းများအရ ဒီရေတောဧရိယာ ၄၈၂၀၉၉ ဒသမ ၂၆ ဧကသာ ကျန်ရှိသောကြောင့် နှစ်ပေါင်း ၂၀ ကျော် အတွင်း ဒီရေတော ဧကတစ်သိန်း ခြောက်သောင်းကျော် လျော့နည်းသွားကြောင်း၊ ဒီရေတောများကို တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစု၌ အများဆုံးတွေ့ရှိရကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment