Friday, November 2, 2012

ဟွန်ဒါကားကုမ္ပဏီဥက္ကဋ္ဌ တာကာနိုဘူအီတို


မစ္စတာ တာကာနိုဘူအီတိုသည် ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ကားထုတ်လုပ်ရေး ကုမ္ပဏီကြီးဖြစ်သော ဟွန်ဒါကုမ္ပဏီ၏ သတ္တမမြောက်ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သည်။ ဥက္ကဋ္ဌဟောင်းဖြစ်သူ တာကီအိုဖူကူအီထံမှ ၂၀၀၉ ဇွန်လမှစ၍ ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူခဲ့သည်။
တာကာနိုဘူအီတိုကို ၁၉၅၃ ခုနှစ် သြဂုတ်လ ၂၃ ရက်တွင် မွေးဖွားခဲ့သည်။ အီတိုသည် ကျိုတိုတက္ကသိုလ်၌ တက်ရောက်ပညာသင်ကြားခဲ့ပြီး အင်ဂျင်နီယာမာစတာဘွဲ့ ရရှိခဲ့သည်။ အီတိုသည် ၁၉၇၈ ခုနှစ်တွင် ဟွန်ဒါကုမ္ပဏီတွင် စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး
ကားလုပ်ငန်းသုတေသနနှင့် ဖွံ့ဖြိုးရေးဌာန(R & D)တွင် တာဝန်ထမ်းဆောင်သည်။ ကားများ၏ ချက်စစ် (Chasis)ဒီဇိုင်းအတွက် အင်ဂျင်နီယာတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သည်။
ယင်းနောက်တွင် အီတိုသည် ဟွန်ဒါကုမ္ပဏီထုတ် NSX Sports Car အတွက် အလူမီနီယမ်ချည်းသက်သက် ပါဝင်သော ဖရိန်ကို ဦးဆောင်ထုတ်လုပ်ခဲ့သည်။ ယင်းမှာ ဈေးကွက်သို့ ရောင်းချရန် ပထမဦးဆုံးထုတ်လုပ်သည့် အလူမီနီယမ်ဖရိန်ဖြစ်သည်။ ထို့အပြင် အီတိုသည် ၁၉၉၀ ခုနှစ်များအတွင်း ဂျပန်ဈေးကွက်အတွက် ဆီဒင်ကားအသေးစား အများအပြားထုတ်လုပ်ရာတွင်လည်း ဦးဆောင်ခဲ့သည်။
၁၉၉၇ ဇွန်လတွင် ဟွန်ဒါ R & D Co., Ltd. ၏ ဒါရိုက်တာဖြစ်လာခဲ့သူ အီတိုသည် ၁၉၉၈ ဧပြီမှ ၂၀၀၀ ပြည့်နှစ် မတ်လအထိ Honda R & D Americas Inc. ၏ ဒုတိယအမှုဆောင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး ဟွန်ဒါ Acura အမှတ်တံဆိပ်အတွက် ပထမဦးဆုံး Sport Utility Vehicle (SUV) ကို ထုတ်လုပ်ရောင်းချနိုင်ခဲ့သည်။
၂၀၀၀ ပြည့်နှစ် ဇွန်လတွင် ဟွန်ဒါမော်တာကုမ္ပဏီ၏ ဒါရိုက်တာဘုတ်အဖွဲ့၌ ရွေးချယ်ခံရပြီး တစ်ချိန်တည်းမှာပင် Honda R & D ၏ အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့ ရာထူးတိုးမြှင့်ရရှိခဲ့သည်။ ယင်းနောက် ၂၀၀၃ ဇွန်လတွင် Honda R & D ဥက္ကဋ္ဌနှင့် ဒါရိုက်တာဖြစ်လာသည်။ မစ္စတာအီတိုသည် ၂၀၀၅ ဧပြီလတွင် ဟွန်ဒါဆူဇူကီးကားစက်ရုံ၏ ကားထုတ်လုပ်ရေးလုပ်ငန်း၌ ပါဝင်လုပ်ကိုင်လာခဲ့သည်။
၂၀၀၇ ဧပြီလတွင် ဟွန်ဒါကားလုပ်ငန်းတစ်ခုလုံး၏ လုပ်ငန်းလည်ပတ်ရေး အရာရှိချုပ်အဖြစ် တာဝန်ယူလုပ်ကိုင်ခဲ့ပြီး ယင်းနှစ် ဇွန်လမှာပင် အကြီးတန်းစီမံခန့်ခွဲရေးဒါရိုက်တာ(MD) ဖြစ်လာခဲ့သည်။ ၂၀၀၉ ခုနှစ် ဧပြီလမှစ၍ ဟွန်ဒါကုမ္ပဏီဥက္ကဋ္ဌနှင့် Honda R & D ၏ ဒါရိုက်တာအဖြစ် စတင်တာဝန်ယူခဲ့သည်။
လူများအား အလယ်ဗဟိုတွင်ထားစဉ်းစား၍ စိတ်လှုပ်ရှား ပျော်ရွှင်စရာ ထုတ်ကုန်များ ထုတ်လုပ်ပံ့ပိုးပေးခြင်းဖြင့် လူ့အဖွဲ့အစည်းက ဆက်လက်တည်တံ့နေစေချင်သော ကုမ္ပဏီတစ်ခုဖြစ်လာရေး ကြိုးစားအားထုတ်နေကြောင်း သတင်းစကားပါးရင်း မစ္စတာ တာကာနိုဘိုအီတိုသည် ၂၀၁၁  မတ်လတွင် ကြီးမားသော ဂျပန်ငလျင်နှင့် အောက်တိုဘာလ ထိုင်းနိုင်ငံရေကြီးမှုများအတွင်း ဟွန်ဒါကုမ္ပဏီ၏ အခက်အခဲနှင့် အကျပ်အတည်းများကို ဦးဆောင်ဖြေရှင်းခဲ့ရသည်။         
—Ref: Wikipedia

ရဲမင်း
7Day News

No comments:

Post a Comment