Friday, November 2, 2012

“ခင်ဗျား PSY လားမေးတော့ ကျွန်တော် ဂျွန်ဘွန်ဂျိုဗီပါလို့ ဖြေလိုက်တယ်”



ဒီနေ့ကာလရဲ့ လူသိအများဆုံး ကမ္ဘာကျော်သီချင်းတစ်ပုဒ်ကို ပြပါဆိုရင် ကိုရီးယားပေါ့ပ်ရက်ပ်အဆိုတော် PSY ရဲ့ “ဂန်နမ်းစတိုင်လ်” Gangnam Style သီချင်းကိုပဲ ပြရမယ်ထင်ပါတယ်။ နာမည်ရင်းက ပက်စ်ဂျေးဆန်ဖြစ်ပြီး အနုပညာအမည်အဖြစ် PSY (Psycho/ “ဆိုက်ကို” စကားလုံးရဲ့ အတိုကောက်လို့ယူထားတဲ့ အသက် ၃၄ နှစ်အရွယ် ကိုရီးယားအဆိုတော်ရဲ့ မြူးမြူးကြွကြွအကနဲ့ အဆိုဂီတဗီဒီယိုသီချင်းဟာ အင်တာနက်ဗီဒီယိုဝက်ဘ်ဆိုက် You Tube မှာ ကြည့်ရှုခံရမှုအကြိမ် သန်း ၄၀၀ ကျော်ရှိခဲ့ပြီး ဆိုက်ရဲ့သမိုင်းမှာ လူကြိုက်အများဆုံး ဗီဒီယိုတစ်ခု ဖြစ်လာခဲ့ပါတော့တယ်။ PSY ရဲ့ “ဂန်နမ်းစတိုင်လ်” ဂီတဗီဒီယိုဟာ မြူးကြွသွက်လက်လှပြီး မြင်းကိုဒုန်းစိုင်းစီးပြသလို သူ့အကဟန်ကလည်း ကမ္ဘာတစ်ဝန်းမှာ ၀က်စ်ပွိုင့်စစ်တက္ကသိုလ်ကျောင်းဆင်းတွေကနေ ဖိလစ်ပိုင်က အကျဉ်းသားတွေအထိ
နေရာအနှံ့မှာ အတုခိုးကပြကြတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ပြောရရင်တော့ “ဂန်နမ်းစတိုင်လ်”ဟာ ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုအသွင်သဏ္ဍာန် Global Cultural Phenomena ပါပဲ။ “ဂန်နမ်းစတိုင်လ်”ဟာ ဗြိတိန်မှာ အရောင်းရဆုံးသီချင်းတွေ စာရင်းမှာ နံပါတ်တစ်ဖြစ်ခဲ့ပြီး အမေရိကန်မှာတော့ နံပါတ်နှစ်ဖြစ်ခဲ့ကာ တရုတ်ပြည်မကြီးမှာလည်း အွန်လိုင်းကနေ Download ဆွဲယူမှုအများဆုံး သီချင်းဖြစ်ခဲ့ပါတယ်။
Psy ရဲ့ ဒီသီချင်းဟာ ၎င်းရဲ့ဆဋ္ဌမမြောက်အယ်လ်ဘမ် PSY's Best 6th Part 1 မှာ ပါဝင်ခဲ့တာဖြစ်ပြီး ဒီသီချင်း ဒီလိုအောင်မြင်မယ်လို့ သူကိုယ်တိုင်တောင် တွေးမိခဲ့တာ မဟုတ်ပါဘူး။ “ကျွန်တော် ဒီသီချင်းကိုဆိုခဲ့တာ ၁၂ နှစ်ကြာပါပြီ။ ကိုရီးယားအတွက်ပဲ။ နိုင်ငံခြား (ပရိသတ်)တွေအတွက် မဟုတ်ခဲ့ပါဘူး။ ဒါမျိုးလည်း မျှော်လင့်မထားခဲ့ဖူးလေ။ အရာရာအားလုံးဟာ ဖြစ်ပျက်သွားတာ သိပ်မြန်လွန်းနေတယ်”လို့ နယူးယောက်တိုင်းမ်ရဲ့အမေးကို တယ်လီဖုန်းနဲ့ လှမ်းဖြေပါတယ်။ PSY ဟာ ယခုဆိုရင် ဂျပ်စတင်ဘီဘာရဲ့မန်နေဂျာ စကူတာဘရောင်းနဲ့ စာချုပ်ချုပ်ကာ အင်္ဂလိပ်လိုသီဆိုမယ့် သီချင်းတွေသွင်းဖို့ရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ကမ္ဘာမှာတင်မက မြန်မာသီချင်းချစ်သူတွေကြားမှာပါ လူကြိုက်များနေတဲ့ “ဂန်းနမ်းစတိုင်လ်”ရဲ့ ဖန်တီးရှင် PSY နဲ့ နယူးယောက်တိုင်းမ်မှ မယ်လင်နာရိုင်ဇစ်တို့ အင်တာဗျူးကို အပြည့်အစုံ ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
“ဂန်းနမ်းစတိုင်လ်”သီချင်းပုံစံအမျိုးမျိုးနဲ့ “ပေါက်”တော့မယ်လို့ ဘယ်အချိန်မှာ အာရုံရခဲ့တာလဲ။
ကျွန်တော် ဒီသီချင်းကို ဇူလိုင် ၁၅ မှာ ဖြန့်ချိခဲ့တာပါ။ ၁၀ ရက်လောက်ကတော့ ဘာဆိုဘာမှမမြင်ခဲ့ဘူး။ ၁၀ ရက်လည်းကျော်ရော You Tube ၀က်ဘ်ဆိုက်ပေါ်မှာ တခြားဘာသာစကားတွေနဲ့ အသံထွက် ဂယက်ထလာတာလေးတွေ တွေ့မိတာပါ။ နာမည်ကြီး အနုပညာရှင်တွေ အများကြီးကလည်း Twitter ၀က်ဘ်ဆိုက်ပေါ်မှာ ကျွန်တော့်ဂီတဗီဒီယိုကို ချီးကျူးဂုဏ်ပြုလာကြပြီ။ အဲဒီအချိန်လေးမှာပဲ ဒီသီချင်းတော့ “ပေါက်”ပြီလို့ ကျွန်တော် သိနားလည်လိုက်တာပေါ့။
ဒီသီချင်းက လူကြိုက်များတဲ့ မင်္ဂလာဆောင်အကသီချင်းလည်း ဖြစ်လာတယ်နော်။
(ရယ်လျက်) ဒီအကက မင်္ဂလာဆောင်တွေနဲ့ သင့်တော်တယ်လို့ ကျွန်တော် မတွေးမိခဲ့ဘူးဗျ။ ဒါက သမားရိုးကျအကတစ်မျိုး မဟုတ်ဘူးလေ။ ဒါက တော်တော်ဆိုးတဲ့ အကပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒါကိုကြိုက်နေတုန်းဗျ။
(သီချင်းထဲမှာ) အကလှုပ်ရှားပုံတွေနဲ့ လိုက်ဖက်အောင် ရှင်ဘယ်လိုလုပ်ခဲ့ရလဲ။
(ကတဲ့ပုံစံ) အသစ်တစ်မျိုးကို ရှာတွေ့ဖို့ ကျွန်တော် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတာပါ။ ဒီလိုမြင်းအကမျိုး ရှာတွေ့ဖို့ ကျွန်တော် တစ်လလောက် အချိန်ပေးခဲ့ရတယ်။ စတူဒီယိုထဲမှာ ကျွန်တော်ရယ်၊ ကျွန်တော့် အကဆရာတွေရယ်ပေါ့။ ကျွန်တော်တို့ ညပေါင်း ၃၀ လောက် အချိန်ပေးခဲ့ပြီး စဉ်းစားနေပါတယ်။ ကျွန်တော်ရဲ့နောက်ထပ်(ချပြမယ့်)အက ဘယ်လိုကပြမလဲပေါ့။ ဘာကြောင့်လဲဆိုတော့ ကိုရီးယားမှာ ကျွန်တော့်အကကို ကြီးကြီးမားမား မျှော်လင့်ချက်ထားကြတာတွေ ရှိနေတယ်။ ဒါကြောင့် ဒါဟာ ဖိအားတစ်လှေကြီးနဲ့ကိစ္စပါ။
အမေရိကန်ဂီတကိုရော ရှင်တော်တော်လေး နားထောင်ဖြစ်လား။
ကိုရီးယားက ဂီတသမားတိုင်းပါပဲ။ ခင်ဗျားတို့ပေါ့ပ်ဂီတကနေ ကျွန်တော်တို့ လေ့လာကြရတာပါ။ ကျွန်တော်တို့ စေ့ဆော်မှုရကြတာပါ။ လာ့စ်ဗီးဂတ်စ်က iHeart Radio ပွဲတော်ကို ကျွန်တော်ရောက်သွားခဲ့တယ်။ ကျွန်တော် ခန်းမထဲ လမ်းလျှောက်သွားတုန်း လူတစ်ယောက်က ကျွန်တော့်ကိုလှမ်းတားပြီး မေးတယ်။ “ခင်ဗျား PSY လား”တဲ့။ ဒီတော့ ကျွန်တော်ကလည်း ပြောလိုက်တယ်။ “ကျွန်တော် ဂျွန်ဘွန်ဂျိုဗီပါ”လို့။ ကျွန်တော်က ဘွန်ဂျိုဗီကို You Give Love a Bad Name (မှတ်ချက် - မြန်မာလို ကော်နီက “အတွင်းကြေ”အမည်ဖြင့် ဆိုထားသော သီချင်းဖြစ်သည်။) သီချင်းပေါ်ကတည်းက နားထောင်ရင်း ကြီးလာတာဗျ။ ဒါကြောင့် ဒါဟာ စိတ်လှုပ်ရှားစရာ အခိုက်အတန့်တစ်ခု တကယ်ဖြစ်ခဲ့တာပေါ့။ ကျွန်တော်တို့ ဓာတ်ပုံတွဲရိုက်ခဲ့ကြပြီး သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ အဲဒီဓာတ်ပုံတင်ခဲ့တယ်။ အဲဒါ မယုံနိုင်စရာပါပဲ။
ရှင်က ဘော်စတွန်တက္ကသိုလ်နဲ့ ဘက်ကလီဂီတကောလိပ်တို့မှာလည်း ကျောင်းနေဖူးတယ်နော်။ ဘွဲ့ရခဲ့သေးလား။
မရပါဘူး။ လေးနှစ်လောက်ကို ကျွန်တော်က ကျောင်းသားသစ်ပဲဖြစ်နေခဲ့တယ်။ သင်တန်းက ကျွန်တော့်အတွက် သိပ်စောလွန်းနေခဲ့ပါတယ်။
ဒါပေမဲ့ ဂီတကျောင်းက ရှင့်ရဲ့အကြိုက်ကို လွှမ်းမိုးခဲ့တယ်မဟုတ်လား။
အဲဒီတုန်းက ကျွန်တော်က အဆိုတော်မဟုတ်ဘဲ သီချင်းရေးဆရာတစ်ယောက်ဖြစ်ဖို့ ကြိုးစားခဲ့တာပါ။ တခြားလူတွေဆီကနေ (အနုပညာ)ဖန်တီးမှုကို ကျွန်တော်မသင်ယူနိုင်ပါဘူး။ ကျွန်တော် ကိုယ့်ဟာကိုယ်ပဲ ရအောင်လုပ်ခဲ့ရတာပါ။ အခုတော့ ရိုးရိုးသားသားပြောရရင် ကျောင်းမှာမသင်ခဲ့ရလို့ ကျွန်တော်နောင်တရနေပါတယ်။ ဟာမိုနီအသံတွေအကြောင်း ဒါမှမဟုတ် တခြားဘာဆိုဘာမှ ကျွန်တော်မသိဘူးဗျ။ ဒါကြောင့် ကျွန်တော် သီချင်းတစ်ပုဒ် ရေးဖွဲ့ရမယ်ဆိုရင် အဲဒါ တကယ်ခက်ခဲပါတယ်။
အရွယ်ရောက်လာတဲ့အထိ ဘယ်လိုဂီတအမျိုးအစားမျိုး နားထောင်ဖြစ်ခဲ့လဲ။
ကျွန်တော်ရဲ့ တစ်ဘ၀တာ စံပြပုဂ္ဂိုလ် သူရဲကောင်းကတော့ ကွင်း(Queen)အဖွဲ့က ဖရက်ဒီမာကျူရီပါ။ သူ့သီချင်းရေးတဲ့ အရည်အသွေးတွေကို ကျွန်တော် မချဉ်းကပ်နိုင်ပေမယ့် သူ့ရဲ့ပွဲထွက်ပုံပေါ့လေ။ အဲဒါကို ဗီဒီယိုတွေက ကျွန်တော် လေ့လာခဲ့ရတာပါ။ ကျွန်တော်က အခုလက်ရှိ ဗြိတိန်မှာ နံပါတ်တစ်ဖြစ်နေတယ်။ ဒါကြောင့် အဲဒီကို ကျွန်တော်သွားခွင့်ရမယ်ဆို Queen အဖွဲ့ရယ်၊ ဘွန်ဂျိုဗီရယ်၊ Aerosmith ရယ်၊ Guns N Roses ရယ်။ ကျွန်တော့်မှာ ရော့ခ်ဂီတအဖွဲ့တွေကို ရူးသွပ်မှုအကြီးကြီးရှိတယ်။ ကျွန်တော်က ဒရမ်လည်း နည်းနည်းတီးတယ်လေ။
အဲဒီကနေ အဆိုပိုင်းကို အပြောင်းအလဲ ရှင်ဘယ်လိုလုပ်ခဲ့သလဲ။
ကျွန်တော် အမေရိကန်မှာနေတုန်း သီချင်းတစ်ပုဒ်ရေးဖို့ ကြိုးစားဖူးတယ်။ အဲဒီအချိန် ၉၉-၂၀၀၀ ၀န်းကျင်လောက်က ဟစ်ဟော့ပ်ခေတ်စားတယ်လေ။ ကျွန်တော်လည်း ဒီဂီတကနေ စိတ်နှိုးဆွမှုရခဲ့တာပေါ့။ Tupac တို့၊ Notorious B.I.G တို့၊ Dr. Dre တို့၊ အီမီနမ်တို့၊ စနုဒေါ့ဂ်တို့ပေါ့။ ဒါပေမဲ့ ကျွန်တော့်စိတ်ဓာတ်နဲ့ လုပ်ချင်တဲ့ပုံစံက ကစားထားတာမျိုးပေါ့။ လောလောဆယ်တော့ ရောမွှေထားတာပဲ။ ရော့ခ်ဆန်တဲ့အက ဒါမှမဟုတ် ကလို့ကောင်းတဲ့ ရော့ခ်ပုံစံမျိုးပေါ့။ ကျွန်တော် လုပ်နေပါတယ်။
ဖျော်ဖြေမှုတွေ မလုပ်ဖြစ်တဲ့ အချိန်ဆို ရှင်ဘာလုပ်တတ်ပါသလဲ။
ကျွန်တော် သောက်တယ်ဗျ။ အဲဒါ ကျွန်တော့်ရဲ့ အကြီးမားဆုံးဝါသနာပဲ။
—Ref: "His Style is Gangnam, and Viral Too" by Melena Ryzik. N.Y.Time: 11st October.

ကျော်မျိုး
7Day News

No comments:

Post a Comment