Saturday, November 3, 2012

 မြောက်ဦးမြို့နယ်ရှိ ဒုက္ခသည်စခန်းများတွင် သောက်သုံးရေမသန့်ရှင်းခြင်း၊ အာဟာရချို့တဲ့ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုနည်းပါးခြင်းတို့ကြောင့် ရောဂါများဖြစ်ပွားမှုရှိနေ

မြောက်ဦးမြို့နယ်ရှိ ဒုက္ခသည်စခန်းများတွင် သောက်သုံးရေမသန့်ရှင်းခြင်း၊ အာဟာရချို့တဲ့ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုနည်းပါးခြင်းတို့ကြောင့် ရောဂါများ ဖြစ်ပွားမှုရှိနေကြောင်း အဆိုပါဒုက္ခသည်စခန်းများကို ကူညီထောက်ပံ့မှုများ ပြု လုပ်ပေးနေသည့် ၀ံလက်ဖောင်ဒေးရှင်းမှ သိရှိရသည်။
ဒုက္ခသည်စခန်းများ၌ ရာသီဥတုအပြောင်းအလဲနှင့် ကြုံကြိုက်ခြင်း၊ သောက်သုံးရေမသန့်ရှင်းခြင်း၊ အာဟာရချို့တဲ့ခြင်း၊ ယင်လုံအိမ်သာများ အလုံအလောက်မရှိခြင်းနှင့်
ဒုက္ခသည်များအတွက် ကျန်းမာရေးစောင့်ရှောက်မူနည်းပါးခြင်းတို့ကြောင့် ၁၀ နှစ်အောက်ကလေးငယ်များတွင် တုပ်ကွေးဖြစ်ပွားခြင်းနှင့် ၀မ်းပျက်ဝမ်းလျောရောဂါများ ဖြစ်ပွားနေပြီး  လူကြီးများတွင် သွေးအားနည်းခြင်းနှင့်ခေါင်းကိုက်ခြင်းတို့ကို ခံစားနေရကြောင်း သိရသည်။
''ဒုက္ခသည်စခန်းတစ်ခုချင်းစီမှာ ကလေးငယ်ခုနစ်ယောက်လောက်ဟာ ၀မ်းပျက်ဝမ်းလျောရောဂါတွေကို ခံစားနေရပါတယ်။ တခြားသွေးအားနည်းလို့ဖြစ်တဲ့လူတွေလည်း အများကြီးပါပဲ''ဟု ၀ံလက်ဖောင်ဒေးရှင်းမှ ကိုဇော်ဇော်ထွန်းက ပြောကြားသည်။
လက်ရှိတွင် မြောက်ဦးမြို့နယ်၌ ဒုက္ခသည်စခန်းငါးခု ဖွင့်လှစ်ထားပြီး ၀ံလက်ဖောင်ဒေးရှင်းမှ ကောက်ယူထားသော စာရင်းများအရ  အလိုတော်ပြည့်ကျောင်းတိုက်စခန်းတွင် အိမ်ထောင်စု ၁၁၇ စု လူဦးရေ ၃၉၅ ဦး၊ လက်ကောက်ဈေး ရွှေကျင်ကျောင်းတိုက်စခန်းတွင် အိမ်ထောင်စု ၂၉ စု  လူဦးရေ ၈၆ ဦး၊ ရွှေဂူတောင်ကျောင်းတိုက်တွင် ၂၇ စု လူဦးရေ ၈၆ ဦး၊ ရွှေကြာသိမ် ကျောင်းတိုက်တွင် အိမ်ထောင်စု ၁၆ စု လူဦးရေ ၇၁ ဦး အောင်ရတနာ ကျောင်းတိုက်တွင် အိမ်ထောင်စု သုံးစု  လူဦးရေ ၁၄ ဦး ခိုလှုံလျက်ရှိကြောင်း၊ စခန်းများအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို မြောက်ဦးမြို့နယ်ဆရာဝန်၏ အစီအစဉ်ဖြင့်  လက်ထောက်ဆရာဝန်တစ်ဦးနှင့် ဆရာမသုံးဦးတို့က တာဝန်ယူထားကြောင်းလည်း သိရသည်။
''ဒေသခံတွေကအ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာရတဲ့သူတွေဆိုတော့ ဆေးဝါး၊ အစားအသောက်၊ အ၀တ်အစားကအစ အများကြီး လိုအပ်နေပါတယ်'' ဟု ၎င်းက ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ် ဇွန်လအတွင်း ဖြစ်ပွားသောပဋိပက္ခများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသူအများစုမှာ ဒုက္ခသည်စခန်းများတွင် သာနေထိုင်လျက်ရှိပြီး တစ်ကျော့ပြန်ဖြစ်ပွားသော ပဋိပက္ခများကြောင့် နေအိမ် ၅၃၅၁ လုံး မီးလောင်ကာ လူဦးရေ ၃၂၂၃၁ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်းလည်း သိရှိရသည်။
 

Eleven Media Group

No comments:

Post a Comment