အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း MAI မှ
သတ္တမမြောက်လေယာဉ် Airbus A320 ထပ်မံရောက်ရှိပြီး MAI မှ ထပ်မံပြေးဆွဲမည့်
ခရီးစဉ်များ၌ ယင်းလေယာဉ်အား အသုံးပြုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
“အခုရောက်ရှိတဲ့ Airbus A320 မှာ ထိုင်ခုံ ၁၈၀ ပါတယ်။ ဒီနှစ်ထဲမှာ လေယာဉ်အသစ်က သုံးစီးရှိပြီး နောက်ထပ်လည်း ထပ်ရောက်ဖို့ရှိပါတယ်။ နိုင်ငံတကာလေကြောင်းလိုင်း အနေနဲ့လည်း ထပ်မံတိုးချဲ့သွားမှာပါ”ဟု အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း(MAI)မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဒေါ်အေးမရသာကပြောသည်။
MAI အနေဖြင့် လက်ရှိအချိန်တွင်
ရန်ကုန်မှတိုက်ရိုက် ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ဗုဒ္ဓဂါယာ၊ ကွမ်ကျိုးမြို့များအပြင် အောက်တိုဘာ ၂၈ ရက်မှစတင်ကာ ဘန်ကောက်-စင်ကာပူ-ဘန်ကောက်ခရီးစဉ်အား တိုးချဲ့ပျံသန်းသွားမည်ဖြစ်သည်။ ထိုကြောင့် ရန်ကုန်မှဘန်ကောက်မြို့အပြင် စင်ကာပူမြိုသို့ တစ်ဆက်တည်းသွားလိုသော ခရီးသည်များအနေဖြင့် ပိုမိုအဆင်ပြေနိုင်မည်ဖြစ်ကြောင်း ဒေါ်အေးမရသာကဆိုသည်။
နိုဝင်ဘာ ၁ ရက်မှ စတင်၍ မန္တလေးမှတိုက်ရိုက် မန္တလေး-ဂါယာသို့ ပြေးဆွဲသွားမည်ဖြစ်ပြီး မန္တလေးမှဘန်ကောက်၊ စင်ကာပူနှင့် ကူမင်းမြို့များသို့ ပြေးဆွဲရန်စီစဉ်လျက်ရှိသည်။ ယခုနှစ် ဒီဇင်ဘာလတွင် ရန်ကုန်မှဟောင်ကောင်သို့ တိုက်ရိုက်ပြေးဆွဲမည်ဖြစ်ကြောင်း MAI လေကြောင်းလိုင်းမှ သတင်းထုတ်ပြန်သည်။
ခိုင်ချို
7Day News

No comments:
Post a Comment