Friday, November 2, 2012

ကုန်သွယ်မှုပမာဏ လျော့နည်းသွားရသည့် အကြောင်းရင်း



တရားမ၀င်ကုန်သွယ်မှု၊ အစိုးရ၀န်ကြီးဌာနများ၏ အသုံးစရိတ်များ လျှော့ချခဲ့မှုကြောင့် ယခုဘဏ္ဍာနှစ် ခြောက်လတာကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာ သန်းခြောက်ရာကျော် လျော့နည်းခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
“မှောင်ခိုက တော်တော်များလာတယ်။ စာရင်းဇယားတွေ တိုက်စစ်လိုက်ရင် သိသာတယ်”ဟု အဆိုပါ ၀န်ကြီးဌာန၀န်ကြီးရုံး ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းကပြောသည်။
မြန်မာနိုင်ငံ၏ အဓိကသွင်းကုန်ဖြစ်သည့် စက်သုံးဆီနှင့်
စားအုန်းဆီတင်သွင်းမှုမှာ ယခင်နှစ် ကာလတူစာရင်းများနှင့် နှိုင်းယှဉ်ပါက တန်ချိန်သိန်းနှင့်ချီ၍ လျော့နည်းနေသည်။
“ဟိုဘက်နိုင်ငံက စာရင်းတွေနဲ့ ယှဉ်ကြည့်လိုက်ရင် ဘယ်လောက်ကွာတယ်ဆိုတာ သိသာနေတာပဲ”ဟု အထက်ပါပုဂ္ဂိုလ်ကဆိုသည်။
ယခုနှစ် ဧပြီမှစက်တင်ဘာလကုန်ထိ ပို့ကုန်သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၈၃၀၆ သန်းရှိပြီး ယခင်ဘဏ္ဍာနှစ် အလားတူကာလက အမေရိကန်ဒေါ်လာ ၈၉၉၀ သန်းထိ ရှိခဲ့သည်။ ထို့ကြောင့် ယခင်နှစ်ကထက် သန်းခြောက်ရာကျော် လျော့နည်းခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်မှ သုံးစွဲမှုလျှော့ချရာတွင် သင်္ဘောနှင့် သင်္ဘောအပိုပစ္စည်း၊ ရထားနှင့် ရထားပစ္စည်း၊ လေယာဉ်နှင့် လေယာဉ်ပစ္စည်း၊ ရေနံနှင့် ရေနံထွက်ပစ္စည်း၊ သံနှင့် သံမဏိပစ္စည်းတို့တွင် တင်သွင်းမှုလျော့နည်းခဲ့သည်။
ထို့အပြင် စက်သုံးဆီတင်သွင်းမှု လျော့ကျရခြင်းမှာ အစိုးရစီမံကိန်းများ နည်းပါးခြင်း၊ ဖားကန့်တွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများက လျော့ကျခဲ့ခြင်းတို့ကြောင့်ဖြစ်ကြောင်း လုပ်ငန်းရှင်များကပြောသည်။ ယင်းစက်ယန္တရားများအတွက် လိုအပ်သည်မှာ ဒီဇယ်ဆီသာဖြစ်ပြီး ဓာတ်ဆီတင်သွင်းမှုမှာလည်း တန်ချိန်သိန်းချီ လျော့နည်းနေကြောင်း သိရသည်။ ထို့အပြင် စီးပွားကူးသန်းဝန်ကြီးဌာနမှ လိုင်စင်ထုတ်ပေးထားခြင်းမရှိသည့် အဆင့်မြင့်စက်သုံးဆီ၊ ဒီဇယ်များကိုလည်း ဈေးကွက်တွင်း ရောင်းချနေသည်ကို တွေ့ရကြောင်း ဦးတင်ရဲဝင်းကဆိုသည်။
“ဒီနှစ်မှာ နယ်စပ်ကုန်သွယ်ရေးက တက်လာတယ်”ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးတိုးအောင်ကပြောကြားသည်။
ယခုနှစ် နယ်စပ်ကုန်သွယ်ရေးမှ ပို့ကုန်များတွင် ဆန်တန်ချိန် ခြောက်သိန်းရှစ်သောင်းထိရှိပြီး ယခင်နှစ်က တန်ချိန်လေးသိန်းသာရှိသည်။ ပဲမျိုးစုံမှာလည်း မနှစ်ကထက် ပိုမိုမြင့်တက်လာသည်။ ယခင်နှစ်က နယ်စပ်ကုန်သွယ်ရေးမှာ ကန်ဒေါ်လာ သန်း ၁၄၀၀ မှ ယခုနှစ် ခြောက်လတာအတွင်း ကန်ဒေါ်လာ သန်း ၁၆၀၀ ထိ မြင့်လာသည်။

ပြည်သိမ်း၊အောင်သူရ
7Day News

No comments:

Post a Comment