Saturday, November 3, 2012



နှစ်ပေါင်း ၅၃ နှစ်ကျော် ကြာပြီးနောက် ရန်ကုန်မြို့ပတ် ရထားလမ်း လုပ်ငန်းသည် နောက်ဆုံးတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လွှဲပြောင်း လုပ်ကိုင်ရန် စတင်ဆွေးနွေး လာရတော့သည်။
တစ်ဦးလျှင် ကျပ် ၁၀ နှုန်းဖြင့် အစိုးရက ကောက်ခံ ပြေးဆွဲနေသော မြို့ပတ် ရထားလမ်းပိုင်း ပြေးဆွဲခြင်း လုပ်ငန်းသည် လစဉ် ကျပ်သန်းပေါင်း ၂၀၀ ကျော် အရှုံးပေါ်လျက် ရှိပြီး မြို့ပတ်ရထား စီးနင်းသူ ခရီးသည်မှာ တစ်ရက်လျှင် ရန်ကုန် မြို့လူဦးရေ၏ ၁ ဒသမ ၆ ရာခိုင်နှုန်း ဖြစ်သည့် လူတစ်သိန်းကျော်သာ ရှိသည်။

ရန်ကုန်မြို့ပတ် ရထားလမ်း ခရီးစဉ်သည် ရန်ကုန်မြို့တွင် စရိတ် အသက်သာဆုံးနှင့် အချိန်တိုတွင်း ခရီးရောက်နိုင်သော ပို့ဆောင်ရေး လုပ်ငန်းဖြစ်သည့်တိုင် ရန်ကုန် လူဦးရေ၏
၉ဝ ရာခိုင်နှုန်းကျော်ကပင် အားကိုးအားထားခြင်း မပြုကြသည်မှာ အဘယ်ကြောင့်ပါနည်း။ ထိုမေးခွန်းက စိတ်ဝင်စားဖွယ်ရာ ဖြစ်သည်။
အမှန်စင်စစ် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ဘတ်စ်ကားများသည် မြို့ပတ်ရထားများထက် အစစအရာရာ အဆများစွာ သာလွန်နေ၍ အားကိုးနေခြင်း မဟုတ်၊ သွားလာရ လွယ်ကူအဆင်ပြေပြီး သွားလိုသော နေရာများသို့ ဘတ်စ်ကားများက တိုက်ရိုက် ရောက်ရှိနိုင်ခြင်းက အဓိကအချက် ဖြစ်သည်။
ရန်ကုန်တွင် တစ်မှတ်တိုင် စီးလျှင်ပင် ၂၀၀ ကျပ် ပေးရသည့် အထူးယာဉ်လိုင်း ဘတ်စ်ကားများ ပြေးဆွဲလာသည့်တိုင် စီးနင်းသူ ခရီးသည် အများအပြား ရှိနေဆဲဖြစ်သည် ဆိုသည်မှာ မတ်တတ်ရပ်စီးသည့် ခရီးသည်များနှင့် ပြည့်ကျပ်နေသည့် အထူးကားများကို ကြည့်ခြင်းဖြင့် သိမြင်နိုင်ပါသည်။
ပြည်တော်သာစီမံကိန်း စတင်ခဲ့စဉ် ၁၉၅၈ ခုနှစ် ဝန်းကျင်ခန့်က ရန်ကုန် မြို့ပတ်ရထားလမ်း လုပ်ငန်းသည် ရန်ကုန်မြို့လယ်နှင့် ဆင်ခြေဖုံးနေရာများကို အဓိကထား ဆက်သွယ်လာခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ရန်ကုန်မြို့ ဧရိယာ တစ်စထက်တစ်စ ကျယ်ပြန့်လာမှုကြောင့် မြို့ပတ်ရထားလမ်းသည် မြို့တွင်းဧရိယာအတွင်း တစ်စထက်တစ်စ ဝင်လာလျက် ရှိသည်။ သို့ရာတွင် မြို့ပတ်ရထား၏ ယနေ့ အထိ အားနည်းချက်မှာ အများပြည်သူ သွားလာရလွယ်ကူ အဆင်ပြေအောင် ချိတ်ဆက်ပေးရန် လိုအပ်ချက်ဖြစ်ပြီး ထိုအားနည်းချက်ကြောင့် ဘတ်စ်ကားခများထက် မြို့ပတ်ရထားသည် အဆ ၂ဝ ကျော် ဈေးသက်သာသည့်တိုင် ရန်ကုန်မြို့ လူထုကို မဆွဲဆောင်နိုင်သည့်အချက် ဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန် မြို့ ပတ်ရထား လုပ်ငန်းကို လုပ်ကိုင်ရန် စိတ်ဝင်စားသူ ရာဂဏန်းနီးပါးခန့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်ဟု သတင်းများက ဖော်ပြသည်။ မည်သူက ဆက်လက် လုပ်ကိုင်သည် ဖြစ်စေ အဓိက စိန်ခေါ်လာမည့် အချက်မှာ ရန်ကုန်မြို့ပတ်ရထားကို ပုဂ္ဂလိက ပြောင်းလဲ၍ မည်သို့ ဆွဲဆောင် နိုင်မည်နည်း ဆိုသည့်အချက် ဖြစ်သည်။
တစ်နေ့ ပျမ်းမျှ ၁၀ ကျပ်ဖြင့် စီးနင်းနေသော ခရီးသည် တစ်သိန်းအနက် ပုဂ္ဂလိကက တစ်ရာကျပ်သို့ ပြောင်းလဲ ကောက်ခံပါက အဆိုပါ တစ်သိန်းသည် ယခုပုံစံ လမ်းကြောင်းများအတိုင်း ပြေးဆွဲပါက ရထားတွဲများ မည်မျှ ကောင်းမွန် လာပါစေ ပုံမှန် စီးနင်းသူ ရုတ်တရက် ထို့ထက် များပြားလာရန် မရှိပါ။
ဥပမာ - ဒဂုံမြို့သစ် (မြောက်ပိုင်း) မှ ရန်ကုန်မြို့ထဲသို့ သွားရောက်လိုသူသည် ဒဂုံတက္ကသိုလ် ဘူတာသို့ လှမ်းဝင်သွားရုံ ရောက်နိုင်သည့် ကားဂိတ် မရှိပါ။ အလားတူ လှည်းတန်းသွားလိုလျှင် ရထားသည် မည်သို့မျှ ကားဖြင့်သွားသူထက် မမြန်နိုင်ပါ။ ထိုအချက်သည် ရန်ကုန်မြို့ပတ်ရထား လုပ်ငန်းနှင့် ရန်ကုန်မြို့တွင်း ခရီးသွားများအတွက် ပျောက်ဆုံးနေသည့် Missing Link (ကွင်းဆက်) ဖြစ်ပါသည်။ စင်ကာပူ MRT ဆင်ခြေဖုံးများတွင် ဘူတာ အများစု၌ အလွယ်တကူ စီးနိုင်သည့် LRT ဟုခေါ်သည့် ဘတ်စ်ကားများ ရှိပါသည်။ ထိုဘတ်စ်ကားများသည် ဘူတာမှဆက်၍ ခရီးဆက်ရမည့်သူများကို ရထားလက်မှတ် ပြ၍ စီးနိုင်အောင် အီလက်ထရွန်နစ်ကတ်များဖြင့် လိုရာရောက်အောင် စီစဉ်ပေးထားသည်။
အခြား ထူးခြားသည့် အချက်မှာ သတင်းအချက်အလက် ဖြစ်သည့် ဘယ်ရထားသည် ဘယ်မိနစ်တွင် ရောက်တော့မည် ဆိုသည့်အချက်ကို အချိန်လိုက် သတင်းထုတ်ပြန်နေသည့် အချက် ဖြစ်သည်။
စင်ကာပူ၏ MRT စီမံကိန်းကို လိုက်တုရန် ပြောလျှင် စင်ကာပူက ရန်ကုန်မြို့သစ် စီမံကိန်းကို လာရောက် အတုယူခဲ့ခြင်း သမိုင်းဘီး တစ်ပတ်လည်ခြင်း ဖြစ်ပေလိမ့်မည်။ သို့ရာတွင် အတုယူသင့်သော အချက်များကို ယူကောင်းယူရပါလိမ့်မည်။ ကမ္ဘာ့အကောင်းဆုံး ပို့ဆောင်ရေး ဖြစ်သည့် စင်ကာပူ၏ MRT ကဲ့သို့ ရန်ကုန်မြို့ပတ်ရထားက လိုက်၍ လုပ်ကိုင်ရမည် ဆိုသည်မှာ လတ်တလော မည်သို့မျှ ဖြစ်နိုင်မည် မဟုတ်ပါ။
သို့ရာတွင် အများပြည်သူများ အဓိကသွားလာသည့် ဘူတာကြီးများတွင် ထပ်မံ သွားလာရန် ရှိသည့် အဓိက နေရာများကို စင်ကာပူကဲ့သို့ ဘတ်စ်ကားလိုင်းများ ချိတ်ဆက်ပေးပါက အတော်အသင့် ပြေလည်မည် ဖြစ်ပါသည်။
နှစ်ပေါင်းများစွာ ကြမ်းပိုးထိုး၊ မိုးယို၊ အနံ့အသက်ပေါင်းစုံ၊ ဆေးလိပ်သောက်၊ မုန့်စား၊ ကွမ်းစား စသည့် မြို့ပတ်ရထားများပေါ်တွင် ဖြစ်ပျက်ပြုမူ နေကြမှုများကို စည်းကမ်းချက်များ ပြင်ဆင်သင့်ပါသည်။ စင်ကာပူ MRT ပေါ်တွင် ဆေးလိပ် သောက်ပါက စင်ကာပူဒေါ်လာ ၁၀၀၀/ (မြန်မာငွေ ခြောက်သိန်းကျော်ခန့်) အစာစား၊ အရည်သောက်ပါက (စင်ကာပူ ဒေါ်လာ ၅၀၀ ခန့်) သတ်မှတ်ထားသည်မှာ အတုယူဖွယ် ဖြစ်ပါသည်။ ရထားပေါ်တွင် စားသောက်ခွင့် ပိတ်ပင်ခြင်းသည် ရထားလမ်းဘေးဝဲယာ အမှိုက်စွန့်ပစ်ခြင်းကို ဒဏ်ရိုက်ခြင်း၊ ဈေးသည်များကို ဖမ်းဆီးခြင်းထက် ပိုမို ထိရောက်သော နည်းလည်း ဖြစ်ပါသည်။
နေ့စဉ် ခေါက်ရေ ၂၀၀ ပြေးဆွဲနေသော ရန်ကုန်မြို့ပတ် ရထားလမ်းသည် ဘူတာ ၃၈ ခုရှိပြီး ဘူတာများသည် ခြံစည်းရိုး မရှိသည့်အတွက် အခမဲ့ ပြေးဆွဲသကဲ့သို့ ဖြစ်နေပါသည်။ မီးရထားဝန်ကြီး ဦးအောင်မင်းက မြို့ပတ်နှင့် ဆင်ခြေဖုံးရထားများ နှစ်မိနစ်ခြား၊ သုံးမိနစ်ခြား ဖြတ်သန်း မောင်းနှင်နိုင်ရန် ကားလမ်းခုံးကျော် တံတား ခုနစ်ခု၊ သုံးမိုင်လျှင် လူကူးတံတား တစ်ခုနှုန်းနှင့် ရန်ကုန် မြို့ပတ်ရထားလမ်း ပတ်လည် မိုင် ၃၀ ခန့် အုတ်တံတိုင်း ကာရန် ရှိသည်ဟု ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ ထိုငွေပမာဏသည် မြို့ပတ်ရထားလုပ်ငန်း ဝင်ရောက် လုပ်ကိုင်မည့်သူက လုပ်ကိုင်ရမည် ဆိုပါက များပြားသောပမာဏ ဖြစ်သည်။ ထိုပမာဏသည် ဥပမာ - ရန်ကုန် - မြောက်ဥက္ကလာ မိုးပျံရထား စီမံကိန်းသစ် တည်ဆောက်မည့် ပမာဏနီးနီးဟု ယူဆရပါသည်။
ရန်ကုန် မြို့ပတ်ရထားလမ်း ပုဂ္ဂလိကမှ လုပ်ကိုင်ပါက ရထားများ အခေါက်ရေ တိုး၍ ပိုမို တိုးချဲ့ပြေးဆွဲမည်၊ ရထားတွဲများ ကောင်းမွန်လာမည်၊ အချိန် မှန်လာမည် စသည်တို့မှာ သေချာသော်လည်း စီးနင်းသူများ အလွယ်တကူ စီးနင်းနိုင်ရန် ချိတ်ဆက်ပေးနိုင်သည့် Missing Link များကို ချိတ်ဆက်ရပါလိမ့်မည်။
ထို့အတွက် အဓိက မြို့ပတ်ရထား ဘူတာများနှင့် လူစည်ကားရာ နေရာများကို အချိန်နှင့် တစ်ပြေးညီ ပြေးဆွဲမည့် ဘတ်စ်ကားစီးရေ ၂၀၀ ထက် ပို၍လိုမည် မထင်ပါ။ (အီလက်ထရွန်နစ် ကတ်စနစ်သုံး ဘတ်စ်ကားစနစ်ကို ပါရမီ ယာဉ်လိုင်းက စမ်းသပ်ဖူးရာ ကတ်စနစ်သုံး ကားများဖြင့် ပြေးဆွဲနိုင်ရန် အခြေအနေများ ရှိနေပါသည်။)
ပြည်သူ့ရေးရာ ဝန်ဆောင်မှု လုပ်ငန်းများသည် ဝန်ဆောင်မှုပေးသည်၊ အဆင်ပြေအောင် လုပ်ပေးသည် ဟူသည့် အဓိပ္ပာယ်ကို ဖော်ဆောင်ရန် အဓိက လိုပါသည်။ ရန်ကုန်မြို့တွင်း ခရီးသွားသူများသည် ရန်ကုန်မြို့တွင်း ဘတ်စ်ကားလိုင်းများကို အများစုက စိတ်ပျက်လျက် ရှိနေကြသည်မှာ အခွင့်အလမ်းကောင်း ဖြစ်သည်။
ထိုအချက်ကို ရန်ကုန်မြို့ပတ် ရထားလမ်း လုပ်ငန်းက ဖြည့်ဆည်း လုပ်ကိုင်နိုင်လျှင် ခရီးသည်များသည် လစဉ်ကြေး ပေး၍ အားပေးကြမည် ဖြစ်သည်။
ယခု မြို့ပတ်ရထားလမ်း၏ လပေး လက်မှတ် ၃၅၀ ကျပ် ဖြစ်ပြီး ယင်းငွေပမာဏသည် ရန်ကုန်မြို့လယ်မှ ဆင်ခြေဖုံးခရီး သွားရန်အတွက် အသွားခရီးတစ်ခေါက် သုံးစွဲရသော ပမာဏသာ ရှိရာ များစွာ လက်တွေ့မကျတော့ပါ။ ၁၉၆၅ ခုနှစ် ဝန်းကျင်က ရန်ကုန်တွင် ဘတ်စ်ကားခ ဘယ်စီးစီး ပြား ၂၀ အချိန်က မီးရထား လပေးလက်မှတ်ကို ၄ ကျပ်ဖြင့် ရောင်းချခဲ့ရာ ထိုနှုန်းကို အခြေခံ တွက်ချက်ပါက ရန်ကုန်မြို့ပတ် ရထားလမ်းလုပ်ငန်းသည် ယခု ကားခ ၂၀၀ ကျပ်နှင့်ဆိုလျှင် ၄၀၀၀ ကျပ်သည် မြို့ပတ်ရထား လပေးလက်မှတ်အတွက် ထိုနှုန်းစံဝင်သော နှုန်းသစ်ဟု ဆိုရမည် ဖြစ်ပါသည်။
သို့ရာတွင် ဝန်ဆောင်ခ ပြောင်းလဲသည့်နည်းတူ သွားလာရ ပိုမို လွယ်ကူလာအောင် လုပ်ဆောင်ပေးရန်လည်း အထူး လိုအပ်ပါသည်။ စင်ကာပူ MRT သည် လေဆိပ်ထဲသို့အရောက် မြို့ထဲမှ တိုက်ရိုက်ဝန်ဆောင်မှု ပေးချိန်တွင် ရန်ကုန်မြို့ပတ် ရထားသည် အနည်းဆုံး တစ်ရက် လူဦးရေ ၇၀၀၀၀ ကျော် ဝင်ထွက်နေသည့် အောင်မင်္ဂလာ အဝေးပြေးယာဉ် ရပ်နားစခန်းအတွင်း တိုက်ရိုက် ရောက်နိုင်အောင် စီစဉ်နိုင်ဖို့ လိုပါသည်။ အချိန်မှန်ရန် လိုပါသည်။ လိုအပ်သော ရထားလမ်းပိုင်း ကွင်းဆက်များကို ကျွမ်းကျင်သူများနှင့် ကွန်ရက် ချိတ်ဆက်၍ ရကောင်းရ နိုင်ပါလိမ့်မည်။ ယခု ရန်ကုန်မြို့၏ မိုင် ၃၀ တစ်ပတ် ခရီးစဉ်သည် လွန်စွာ ရှည်လျားလွန်းပြီး ပိုမို တိုတောင်း၍ ချိတ်ဆက် ပြေးဆွဲနိုင်သည့် လမ်းကြောင်းသစ်များ လိုအပ်ပါလိမ့်မည်။
ဂျပန်တို့သည် ၂၀၀၀ ပြည့်နှစ် ဝန်းကျင်က ရန်ကုန် မိုးပျံရထားလမ်း စီမံကိန်းအတွက် လာရောက် လေ့လာခဲ့ဖူးပါသည်။ ယခု မြို့ပတ်ရထားလမ်းကို တိုးချဲ့ ပြုပြင်ပါကာ နိုင်ငံတကာ အကူအညီဖြင့် တည်ဆောက်ခြင်းက ပိုမို သင့်လျော်ပါလိမ့်မည်။ နေ့စဉ် အချိန်မမှန်သော၊ လူကျပ်သော၊ သက်သောင့်သက်သာ မရှိသော၊ မြို့တွင်း ပို့ဆောင်ရေး လုပ်ငန်းများကို ခေတ်မီ မြန်ဆန်သော ပို့ဆောင်ရေး ယန္တရားများဖြင့် အစိုးရသစ် လက်ထက်တွင် စတင် ပြောင်းလဲသင့်သည့် အချိန်အခါကောင်း ဖြစ်ရာ ရန်ကုန်မြို့ပတ် ရထားလမ်းကို ပုဂ္ဂလိက လုပ်ကိုင်ခွင့်ပေးရန် စဉ်းစားခြင်းသည် လျော်ကန်သည့် အကြံဉာဏ် ဖြစ်ပါသည်။ သို့ရာတွင် ရန်ကုန်မြို့တွင် ပုဂ္ဂလိက ခရီးသည်ယာဉ်လိုင်းဟု ဆိုရမည့် ရွှေဧည့်သည် ယာဉ်လိုင်း ကျယ်ကျယ်ပြန့်ပြန့် မအောင်မြင်လာခြင်းကဲ့သို့ အဖျားရှူးခဲ့ရသော သင်ခန်းစာများကို လက်တွေ့ကျကျ သင်ခန်းစာ ယူသင့်ပါသည်။
ထိုသို့ မဟုတ်ဘဲ ရန်ကုန်မြို့ နေထိုင်သူတို့၏ လိုအပ်ချက်ကို မျက်ကွယ်ပြု၍ ရထား၏ အပြင်အဆင် အနည်းငယ် ပြောင်းလဲရုံ၊ ပိုမို သန့်ရှင်းလာရုံဖြင့် ယခင် လမ်းဟောင်းကြီး အတိုင်းသာ လျှောက်မည်ဆိုလျှင် အနာဂတ် ရန်ကုန်မြို့ပတ် ရထားသည် ပုံမှန်စီးနင်းသူ ခရီးသည်များ တိုးပွားလာမည် မဟုတ်ဘဲ စနေ၊ တနင်္ဂနွေရုံး အားရက် အပျော်စီးသူ အရေအတွက် အနည်းငယ်သာ တိုးပွားလာဖွယ်ရာ ရှိပါသည်။
 
 
The Voice Weekly

No comments:

Post a Comment