Saturday, November 3, 2012

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ဥရောပသမ၈္ဂမှ ကူညီထောက်ပံ့ရန် မြန်မာ-ဥရောပသမဂ္ဂ သဘောတူ လက်မှတ်ရေးထိုး

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ဥရောပသမဂ္ဂမှ ကူညီထောက်ပံ့မှုများ ပေးအပ်ရန် မြန်မာ-ဥရောပသမဂ္ဂ သဘောတူ လက်မှတ်ရေးထိုးမှုကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ Myanmar Peace Centre တွင် နိုဝင်ဘာလ ၃ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည်။
ဥရောပကော်မရှင် ဥက္ကဋ္ဌ Jose Manuel Barroso နှင့် သမ္မတ ရုံးဝန်ကြီးဌာန (၄)  ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းတို့က သဘောတူလက်မှတ် ရေးထိုးခဲ့ကြခြင်း ဖြစ် သည်။
ယခုလက်မှတ်ထိုးခြင်းမှာ အကူအညီများပေးအပ်မည်ဖြစ်ကြောင်း သဘောတူစာချုပ် ချုပ်ဆိုခြင်းသာ ဖြစ်ပြီး မည်သို့ကူညီမည်၊ ငွေကြေး ပမာဏ
မည်မျှထောက်ပံ့မည်ကိုမူ မသိရှိရသေးကြောင်းနှင့် ၂၀၁၃ ခုနှစ် မတိုင်မီ ထောက်ပံ့မှုများ ရရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦး အောင်မင်းက ပြောကြားခဲ့သည်။
“ပြီးမှ ဘာကူညီမယ်ဆိုတာ ဆက်ပြီးတော့ ဆွေးနွေးရမှာ ဖြစ်တယ်။ အဲဒီကျမှ သန်း ၅၀၀ လည်း ဖြစ်ချင်ဖြစ်မယ်။ သန်း ၆၀၀ လည်း ဖြစ်ချင်ဖြစ်မယ်။ ဒါကအစပဲ ရှိသေးတယ်။ EU က နိုဗယ်လ်ဆုလည်း ရသွားပြီဗျာ။ သူကလည်း ငြိမ်းချမ်း ရေးအတွက် နိုဗယ်လ်ဆု ရတာလေ။ အဲတော့ သူဘာပဲဖြစ်ဖြစ် သူလုပ်ရမယ့် တာဝန် ရှိသွားတာပေါ့”ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂအနေဖြင့် ကနဦး ကူညီငွေ ယူရို ခုနစ်သိန်းကို ပေးအပ်သွားမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းစဉ်များ အတွက် သန်း ၃၀ ကို ထပ်မံကူညီသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (Myanmar Peace Centre) သည် နိုင်ငံတော်သမ္မတဦးသိန်းစိန် ၏ အမိန့်ကြေညာချက်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်းလည်း သိရ သည်။
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်နေသည့် နိုင်ငံတကာ နှင့် ပြည်တွင်း အဖွဲ့အစည်းများ၊ အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့ အစည်းများအားလုံး၊ လူပုဂ္ဂိုလ်များ အားလုံးနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ဆွေးနွေးမှုများတွင် Myanmar Peace Centreအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment