Saturday, November 3, 2012

မော်လမြိုင်ခရိုင်၊ မြို့နယ်တရားရုံးရှေ့တွင် ဒေသခံ ၆၀၀ ခန့် ဆန္ဒဖော်ထုတ်ခဲ့

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တရားရုံး၏ ဆုံးဖြတ်မှုကို မော်လမြိုင်ခရိုင်တရားရုံးသို့ အယူခံတင်သွင်း ကြားနာရာတွင် နှစ်ဖက်အမှုသည်များ၏ မိတ်ဆွေ ၇၀၀ ကျော်လာရောက်ခဲ့ပြီး၊ အယူခံတရားလို ဦးစိုးသိန်း၏ မိတ်ဆွေခြောက်ရာခန့်က တရားရုံးရှေ့တွင် အမှန်တရားဖော်ထုတ်ရေး၊ ဦးစိုးသိန်းလွတ်မြောက်ရေး ပိုစတာတို့ကို ကိုင်ဆောင်ကြွေးကြော် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း ဒေသခံများမှ သိရှိရပါသည်။ “ကျွန်မတို့ ဓမ္မဿရွာက လာတာပါ၊ ရွာကကျောင်းမြေကို ရောင်းစားခဲ့တဲ့ ဥက္ကဋ္ဌဟောင်းကို
ကိုစိုးသိန်းက တရားစွဲတာ ရှုံးတဲ့အပြင် ပြန်ပြီး ပုဒ်မ (၅၀၀)နဲ့ တရားစွဲခံရတာ၊ အခု ထောင်ခြောက်လ ကျနေတယ်၊ အခုခရိုင်တရားရုံးကို အယူခံဝင်တာ လာပြီးနားထောင်ရင်း သူ့ကိုအားပေးဖို့ လာခဲ့ကြတာပါ၊ ကား ၁၂ စီး၊ လူ၆၀၀လောက်ပါပါတယ်၊ တရားစီရင်ရေးကို အနှောင့်အယှက်ဖြစ်တယ်ဆိုပြီး တရားရုံးပေါ်မတက်ဖို့ ရဲတွေကတားပါတယ်၊ ဒါနဲ့အခု ရုံးရှေ့ထိုင်ပြီး ပိုစတာကိုင် ဆန္ဒပြဖြစ်တာပါ” ဟု ဓမ္မဿကျေးရွာသူ ဒေါ်သိန်းသိန်းက ပြောပါသည်။
မော်လမြိုင်ခရိုင်တရားရုံးတွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ(၅၀၀)အရ အောက်တိုဘာလ ၂ ရက်နေ့က ကျိုက်မရော မြို့နယ်တရားရုံး၌ အယူခံ တရားလို ဦးစိုးသိန်းအား အလုပ်မဲ့ထောင်ဒဏ်(၆)လ၊ ပြစ်မှုထင်ရှား စီရင်ခြင်းကို မကျေနပ်၍ အယူခံဝင်ရာ  နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် အယူခံတရားလို၊ တရားခံ အကျိုးဆောင်ရှေ့နေတို့၏ နှစ်ဖက်လျှောက်လဲချက် ပေးချိန်တွင် ယခုကဲ့သို့ တရားရုံးရှေ့ ဆန္ဒပြမှုဖြစ်ပေါ် ခဲ့ခြင်းဖြစ်ကြောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပထမဆုံး ဆန္ဒဖော်ထုတ်မှု ဖြစ်စဉ်ဖြစ်သည်ဟု ဒေသခံရှေ့နေတစ်ဦးက ပြောကြားပါသည်။
အဆိုပါအမှုအား နိုဝင်ဘာလ ၈ ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်ကြောင်း၊ ဆန္ဒပြ ရွာသူရွာသားများသည် ဓမ္မဿကျေးရွာသို့ မွန်းလွဲ ၁ နာရီခန့်တွင် ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရပါသည်။

Eleven Media Group

No comments:

Post a Comment