လွှတ်တော်တွင် ဆွေးနွေးမည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ထွက်ရှိသည့် သဘာဝသယံဇာတ အရင်းအမြစ်အား ခွဲဝေအသုံးပြုနိုင်မည့်
( resource sharing ) ကိစ္စသည် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်မှသာ
ဖြစ်နိုင်မည့်အတွက် မလွယ်ကူကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောသည်။
“အဆင့်ဆင့်ကို ကျော်ဖြတ်ပြီး ဥပဒေပြင်နိုင်မှ (resource sharing)
လုပ်နိုင်မယ်။ စစ်မှန်တဲ့ ပြည်ထောင်စုကို လိုချင်ရင် ဒါကို ပြင်နိုင်ဖို့
ပထမဆုံးခြေလှမ်းဖြစ်တယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောသည်။
လက်ရှိကျင်းပနေဆဲ လွှတ်တော်တွင် သဘာဝသယံဇာတအရင်းအမြစ် ခွဲဝေသုံးစွဲမှုကို
ဆွေးနွေးတော့မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး
ဦးအောင်မင်းက 7Day News နှင့် တွေ့ဆုံမေးမြန်းမှုတွင် ဖြေကြားခဲ့သည်။
သဘာဝ သယံဇာတထွက်ရှိသော ဒေသများမှ ရာခိုင်နှုန်းအလိုက် ခံစားခွင့်ရရှိရေးကိစ္စရပ်သည် ပြည်ထောင်စုဥပဒေပြု စာရင်းဇယား(၁)မှ
အချက်အလက်အချို့ကို တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ဥပဒေပြု စာရင်းဇယား (၂)သို့ ပြောင်းပေးရခြင်းဖြစ်သောကြောင့် ဖွဲ့စည်းပုံ
အခြေခံဥပဒေ ပြင်ဆင်ရခြင်းဖြစ်ပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ လိုလိုလားလား ပါဝင်မှသာ ဖြစ်နိုင်မည်ဖြစ်ကြောင်း
ပြည်သူ့လွှတ်တော်တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီအတွင်းရေးမှူးဒေါ်ဒွဲဘူက ပြောသည်။
“ဒီဟာကို ဥပဒေအသစ် ပြဋ္ဌာန်းမယ်ဆိုရင်က လွယ်တယ်။ အများစုက အသာမဲရရင်
ဥပဒေကို ပြဋ္ဌာန်းနိုင်ပြီး ဒီလိုမဟုတ်ဘဲ အခြေခံဥပဒေကို ပြင်မယ်ဆိုရင်တော့
သိပ်မလွယ်ဘူးပေါ့” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ဆိုသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ယခုထက်ပို၍
လွတ်လပ်ခွင့်ပေးမည်ဆိုပါက ပိုမိုတိုးတက်နိုင်ကြောင်း၊ လက်ရှိအချိန်တွင်လည်း
ပြည်နယ်များ၏ ဥပဒေပြဋ္ဌာန်းပိုင်ခွင့်၊ လုပ်ပိုင်ခွင့်များသည် လက်တွေ့တွင်
ပြဋ္ဌာန်းများချက်အတိုင်း မရရှိသေးကြောင်း ချင်းပြည်နယ်လွှတ်တော်
ဥက္ကဋ္ဌ ဦးဟောက်ခင်ခမ်းက ပြောသည်။
သဘာဝ သယံဇာတထွက်ရှိသော ဒေသများအား ရာခိုင်နှုန်းအလိုက် ခံစားခွင့်ပေးပါက
သက်ဆိုင်ရာ ဒေသအား လက်ရှိထက် ပိုမိုဖွံ့ဖြိုးတိုးတက်စေပြီး
တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ရရှိစေကာ
ပြည်တွင်းငြိမ်းချမ်းရေးအတွက်လည်း အထောက်အကူဖြစ်စေကြောင်း
ဒေါ်ဒွဲဘူကသုံးသပ်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထွက်ရှိသော သဘာဝသယံဇာတများအား
သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရာခိုင်နှုန်းအလိုက်
ခံစားခွင့်ရရှိရေးကို ပထမအကြိမ် လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး ကျင်းပစဉ်
ကာလကပင် ပြည်ထောင်စုလွှတ်တော်သို့ တိုင်းရင်းသားရေးရာ
ကော်မတီများက တင်သွင်းခဲ့ပြီး အဆိုများသောကြောင့် အမျိုးသား လွှတ်တော်သို့ ပြန်ချပေးခဲ့ပြီး ဆွေးနွေးရန် အတည်ပြုထားကြောင်း
အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူး ဦးခက်ထိန်နန်က ပြောသည်။
အိဖြူလွင်၊ မင်းဟိန်းကျော်၊ ရန်မျိုးနိုင်
7Day News
No comments:
Post a Comment