Friday, November 2, 2012

ဆူဇူကီးဖလားအကြို မြန်မာဘောလုံးအသင်း ဂျပန်ကလပ်နှင့် ခြေစမ်းမည်

ဆူဇူကီးဖလားပြိုင်ပွဲမတိုင်မီ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် ဂျပန်ကလပ်အသင်းများနှင့် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ကပြောသည်။
ဘောလုံးအဖွဲ့ချုပ်သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အာဖရိကမှ ကင်မရွန်းအသင်းကို ဖိတ်ကြားခဲ့သော်လည်း ပြည်တွင်းကစားသမားများသာ ပါဝင်မည့် ကင်မရွန်းအသင်းသာ လာရောက်နိုင်မည်ဟု အကြောင်းပြန်ကြားခဲ့သည်။
“ကင်မရွန်းဘောလုံးအဖွဲ့ချုပ်က
စာပြန်ပါတယ်။ ပြည်တွင်းကလပ်တွေမှာပဲ ကစားနေတဲ့ ကစားသမားတွေ စုစည်းထားတဲ့ အသင်းပဲ လာနိုင်မယ်ပေါ့ (အေ)အသင်း မဟုတ်ဘူးပေါ့။ အဲဒါကြောင့် ကျွန်တော်တို့အနေနဲ့ ပြန်သုံးသပ်နေတယ်။ တကယ်လို့ နည်းပြကြီးက (အေ)အသင်းမဟုတ်လည်း ကန်မယ်ဆိုရင်ခေါ်မယ်။ ဒါပေမဲ့ လက်ရှိသေချာတာကတော့ ဂျပန်က ဂျေ ၂ မှာ ချန်ပီယံရပြီး ဂျေလိဂ်ကိုတက်မယ့် အသင်းပေါ့။ အဲဒီအသင်းလာမယ်။ ရန်ကုန်မှာ နှစ်ပွဲကစားဖို့စီစဉ်နေပါတယ်။ အဲဒီအသင်းမဖြစ်ရင်လည်း တက္ကသိုလ်ချန်ပီယံအသင်းလာမှာပါ။ ဂျပန်ကတော့ သေချာပေါက်လာဖို့ ရှိပါတယ်”ဟု ဦးဇော်ဇော်က အောက်တိုဘာလ ၂၆ တွင်ပြောသည်။
ဆူဇူကီးဖလားမတိုင်မီ မြန်မာအသင်းနည်းပြ ပတ်ဆောင်ဟွာက ခြေစမ်းပွဲနှစ်ပွဲကစားရန် တောင်းဆိုထားပြီး လာမည့်နိုဝင်ဘာလ ၁၃ နှင့် ၁၆ ရက်ကြားတွင် ခြေစမ်းပွဲများဖြစ်မြောက်ရန် စီစဉ်နေကြောင်း အဖွဲ့ချုပ်ဥက္ကဋ္ဌက ဆက်လက်ပြောသည်။
ပြည်တွင်းရှုံးထွက်ဖလားပြိုင်ပွဲရှိနေသည့်အတွက် ပဏာမမြန်မာ့လက်ရွေးစင်အသင်းကို နိုဝင်ဘာလ ၁ ရက်တွင် စတင် စခန်းသွင်း လေ့ကျင့်မည်ဖြစ်ပြီး လူအပြောင်းအလဲများ ရှိမည်ဖြစ်ကြောင်း မြန်မာအသင်းနည်းပြ ဦးတင်မြင့်အောင်ကဆိုသည်။ ခြေစစ်ပွဲဝင်အသင်းအား လူအပြောင်းအလဲရှိမည် ဖြစ်သော်လည်း အာဆီယံဘောလုံးအဖွဲ့ချုပ်သို့ စာရင်းပေးပို့ထားသည့် ပဏာမလူစာရင်း ၃၅ ဦးထဲမှသာ ရွေးချယ်ခွင့်ရှိမည်ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောသည်။
ဆူဇူကီးဖလား အုပ်စု(က)တွင် မြန်မာအသင်းနှင့် တစ်အုပ်စုတည်း ကျရောက်နေသည့် ထိုင်းအသင်းသည် နိုဝင်ဘာလ ၇ ရက်တွင် လက်ရှိချန်ပီယံ မလေးရှားအသင်းနှင့်လည်းကောင်း၊ ဖိလစ်ပိုင်အသင်းသည် နိုဝင်ဘာလ ၁၅ ရက်တွင် စင်ကာပူအသင်းများနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ ထို့ပြင် ဗီယက်နမ်အသင်းသည် ပြည်တွင်း၌ VFF Cup ဖိတ်ခေါ်ပြိုင်ပွဲအဖြစ် တက်ခ်မင်နစ္စတန်၊ တောင်ကိုရီးယားတက္ကသိုလ်လက်ရွေးစင်နှင့် လာအိုအသင်းတို့နှင့် ယှဉ်ပြိုင်ကစားလျက်ရှိသည်။

No comments:

Post a Comment