Friday, November 2, 2012

ဆော့ဖ်ဝဲလုပ်ငန်းများ ဖွံ့ဖြိုးရန် အစိုးရ၏ ပံ့ပိုးမှုလိုအပ်နေ

နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ အာရုံကျနေသည့် အချိန်တွင် ပြည်တွင်း၌ ဆော့ဖ်ဝဲရေးဆွဲသည့် လုပ်ငန်းများ
ထပ်မံပေါ်ပေါက်ရန် လိုအပ်နေပြီး အဆိုပါ  လုပ်ငန်းဖွံ့ဖြိုးမှုအတွက် အစိုးရ၏ ပံ့ပိုးပေးမှုအပိုင်းသည်လည်း အရေးကြီးကြောင်း ပြည်တွင်း၊ ပြည်ပရှိ
စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

ယခုလက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ ဆော့ဖ်ဝဲလုပ်ငန်းဖွံ့ဖြိုးမှုမှာ အရှိန်နှေးနေဆဲဖြစ်ပြီး အစိုးရ၏ ပံ့ပိုးမှုပိုင်းသည်လည်း သိသိသာသာ
အားနည်းနေဆဲဖြစ်ကြောင်း
ရန်ကုန်မြို့အခြေစိုက် ဆော့ဖ်ဝဲရေးဆွဲသည့် လုပ်ငန်းများမှ စုံစမ်းသိရှိရသည်။
အရေအတွက် အနည်းငယ်သာရှိသော်လည်း မြန်မာပြည်ဆော့ဖ်ဝဲလုပ်ငန်းများသည် နိုင်ငံတကာဈေးကွက်တွင်မူ အထိုက်လျောက်
နေရာရရှိနေသည်ဟု အထက်ပါလုပ်ငန်းများ၏ လုပ်ငန်းကျွမ်းကျင်သူများက ဆိုကြသည်။
“မြန်မာပြည်ရဲ့ ဆော့ဖ်ဝဲဈေးကွက်က အရမ်းသေးတယ်။ အစိုးရရဲ့ ပံ့ပိုးမှုက အဓိကအရေးကြီးဆုံးပဲ။ အိန္ဒိယမှာဆို အစိုးရက သူတို့ရဲ့ ပြည်တွင်းဆော့ဖ်ဝဲဈေးကွက်အတွက် ပုဂ္ဂလိကကို အရမ်းပံ့ပိုးပေးတယ်။ အခုချိန်ပြည်တွင်းမှာ ၀န်ထမ်းနှစ်ရာကျော်ရှိတဲ့ ဆော့ဖ်ဝဲကုမ္ပဏီတွေ
ရှိမှမရှိဘဲ” ဟု ဆော့ဖ်ဝဲရေးဆွဲသည့် ကုမ္ပဏီတစ်ခုဖြစ်သော MIT (Myanmar Information Technology Pte Ltd)  မှ အမှုဆောင်အရာရှိချုပ် ဦးထွန်းသူရသက်က သုံးသပ်ပြောကြားသည်။
စီးပွားရေးလုပ်ငန်းခွင်များတွင် မရှိမဖြစ်လိုအပ်နေပြီဖြစ်သော ဆော့ဖ်ဝဲများရေးဆွဲသည့် ကုမ္ပဏီတစ်ခုဖြစ်သော Integra  ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး
ဖြစ်သော ဦးထွန်းခိုင်က “နိုင်ငံတကာ ၀င်လာပြီဆို ပြည်တွင်းဆော့ဖ်ဝဲ လုပ်ငန်းနယ်ပယ်မှာ အခက်အခဲရှိလာနိုင်သလို အခွင့်အလမ်းတွေလည်း ရှိလာနိုင်တယ်။ ကိုယ့်ဆီမှာ အရည်အချင်းရှိတဲ့ ဆော့ဖ်ဝဲကုမ္ပဏီတွေ အများကြီးရှိနေတာကကောင်းသလို အဲ့ဒီအရည်အချင်းရှိနေသူတွေက1ို နိုင်ငံခြား
ကုမ္ပဏီတွေက ဆွဲခေါ်သွားတာတွေလည်း ဖြစ်လာနိုင်တယ်။ နိုင်ငံတကာနဲ့ယှဉ်ရင်တော့ ဒီလုပ်ငန်းကို လုပ်ကိုင်နိုင်တဲ့ အရေအတွက်က တအားနည်းနေသေးတယ်” ဟု ၎င်း၏ အမြင်ကို သုံးသပ်ပြောကြားသည်။
ဆော့ဖ်ဝဲရေးဆွဲသည့် လုပ်ငန်းများ၏ ဖွံ့ဖြိုးမှုနှင့် ပြိုင်ဆိုင်မှုများ အပြိုင်အဆိုင်ဖြစ်ပေါ်လာမှ ဈေးကွက်၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး
ထိုသို့မဟုတ်ပါက နိုင်ငံတကာကုမ္ပဏီများက အများဆုံးနေရာယူသွားနိုင်သဖြင့် ပြည်တွင်းရှိနှင့်ပြီးသား လုပ်ငန်းများ၏ ဈေးကွက်ဝေစုများ
လက်လွတ်သွားနိုင်သည်ကိုပါ သတိပြုသင့်ကြောင်း Barons Tele-Link Service Co., Ltd. ၏ ဒါရိုက်တာ ဦးဇော်မင်းဦးကလည်း ပြောကြားသည်။
နိုင်ငံတကာကုမ္ပဏီများ ၀င်ရောက်လာမည်ဆိုပါက ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းကဏ္ဍများနှင့် ဘဏ်လုပ်ငန်းများအတွက် ရေးဆွဲနိုင်သည့်
ဆော့ဖ်ဝဲ ကုမ္ပဏီများမှာ ပိုမိုအလုပ်ဖြစ်လာနိုင်၍ ယင်းလုပ်ငန်းများနှင့် သက်ဆိုင်သည့်ဆော့ဖ်ဝဲ ပိုမိုလိုအပ်နိုင်သည်ဟုလည်း ကွန်ပျူတာပညာရှင်
တစ်ဦးက ပြောကြားသည်။
Laptop  နှင့် Notebook များကို နိုင်ငံတကာဈေးကွက်တွင် ဖြန့်ချိနေသည့် Acer Inc တည် ထောင်သူ Mr. Stan Shin  က “မြန်မာနိုင်ငံမှာက
ဒေသတွင်းသုံးနိုင်တဲ့ ဆော့ဖ်ဝဲတွေ ထုတ်လုပ်မှုပိုင်း အားနည်းနေသေးတယ်လို့ မြင်တယ်။ ဒီထက်ပိုပြီး သုံးနိုင်လာအောင် များများလုပ်သင့်နေပြီ” ဟု
သူ၏အမြင်ကို ပြောသည်။
စီးပွားရေးဖွံ့ဖြိုးမှုအားကောင်းသော တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံကြားတွင် တည်ရှိနေသည့် မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်
ဆိုင်ရာစီးပွားရေးရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာသည့်အချိန်တွင် ကဏ္ဍအားလုံးနှင့် ချိတ်ဆက်နေသည့် ဆော့ဖ်ဝဲရေးဆွဲသည့် လုပ်ငန်းများ
အပြိုင်အဆိုင်ဖြစ်လာရန်နှင့် နိုင်ငံတကာဈေးကွက်သို့ ပိုမိုချဲ့ထွင်နိုင်ရန် ပံ့ပိုးမှုများ ပိုမိုပြုလုပ်ပေးရန် လိုအပ်နေပြီဟု အထက်ပါ ပြည်တွင်းလုပ်ငန်းရှင်များက ဆိုသည်။

ယုဇနကိုကို၊ခိုင်ချို
7Day News

No comments:

Post a Comment