နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်ဖြင့် ပြည်ထောင်စုလွှတ်တော်သို့
ပြန်လည်ပေးပို့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းကို
နိုင်ငံတော်သမ္မတ၏ ပြင်ဆင်ချက် ၁၁ ချက်အနက် တစ်ချက်ကိုသာ
ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်အတိုင်း ပြင်ဆင်၍ ၁၀ ချက်ကို
ပြင်ဆင်မှုမပြုဘဲ နိုဝင်ဘာလ ၁ ရက်နေ့တွင်ပြုလုပ်သော
ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့ပါသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းကို စက်တင်ဘာလ ၇
ရက်တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင်
အတည်ပြုချက်ရယူခဲ့ပြီး နိုင်ငံတော်သမ္မတထံသို့ ပေးပို့ခဲ့ရာ စက်တင်ဘာ ၂၂
ရက်နေ့တွင် နိုင်ငံ တော်သမ္မတက သဘောထားမှတ်ချက်များဖြင့်
ပြန်လည်ပေးပို့လာခဲ့ကာ ဥပဒေကြမ်းပူးပေါင်း ကော်မတီက လေ့လာစိစစ်၍
ပြည်ထောင်စုလွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေးတွင်
ပြန်လည်အတည်ပြုခဲ့ခြင်းဖြစ်သည်။
ယင်းဥပဒေကြမ်းအပေါ် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်နှင့်ပတ်သက်၍
ဥပဒေကြမ်းပူးပေါင်းကော်မတီက အစီရင်ခံစာတင်ပြခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၈
ဦးက ဆွေးနွေးခဲ့ပြီး ဥပဒေကြမ်းအပေါ် နိုင်ငံတော်သမ္မတ၏
သဘောထားမှတ်ချက်နှင့်ပတ်သက်၍ တစ်ချက်ချင်း အတည်ပြုခဲ့ခြင်း ဖြစ်ပါသည်။
ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၉)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာခင်ရွှေက ''ထွက်ပေါ်လာတဲ့ ဥပဒေအပေါ်မှာ သတင်း၊ ပြည်တွင်း
ပြည်ပမီဒီယာများက လွှတ်တော်မှထွက်ပေါ်လာသော ဥပဒေမှာ ခရိုနီများကိုသာ
ဦးစားပေးထားကြောင်း လွဲမှားစွာဝေဖန်ရေသား မှုများကိုသာ တွေ့ခဲ့ရပါတယ်''ဟု
နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်ကို ဆွေနွေးစဉ်
ထည့်သွင်းပြောကြားခဲ့ပါသည်။
''နည်းဥပဒေထုတ်ပြန်ပြီးမှ ဒီကိစ္စတွေကို ပြေလည်အောင်
ဖြေရှင်းမယ်ဆိုတဲ့အချက်ရယ်၊ ကျန်တဲ့ အချို့အချက်တွေကိုတော့
ကော်မရှင်ဆုံးဖြတ်ချက်အပေါ်မှာ အပ်နှံထားတဲ့ သဘောဖြစ်နေတယ်။
ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီးတော့ အဆုံးအဖြတ်ပေးရာမှာ
လုပ်ပိုင်ခွင့်တွေအပ်နှင်းထားတဲ့ကော်မရှင်တစ်ခုထဲမှာသာ စုပုံ ပြီး
အာဏာတွေသက်ရောက်နေတာကို သုံးသပ်တွေ့ရှိနိုင်ပါတယ်။
ဒီမိုကရေစီရဲ့သဘောတရားအခြေခံတစ်ခုဖြစ်တဲ့ အပြန်အလှန်ထိန်းညှိခြင်းဆိုတဲ့
အနှစ်သာရမပါဘဲ ကော်မရှင်တစ်ခုထဲမှာသာ လုပ်ပိုင်ခွင့်တွေကြီးမားနေတာကို
ဆွေးနွေးလိုပါတယ်။ ဒါကြောင့် ဒီအခြေအနေတွေကို ထိန်းညှိဖို့အတွက်
နည်းလမ်းတွေကို စဉ်းစားဖို့လိုတယ်လို့ သုံးသပ်မိပါတယ်။ လိုအပ်နေတဲ့
အဓိကအကြောင်းအရာတွေကို ထိန်းညှိဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့
ရင်းနှီးမြှုပ်နှံမှုဥပဒေတွေကိုရေးဆွဲရာမှာ ပြည်သူတွေက အပ်နှင်းထားတဲ့
လွှတ်တော်ကိုယ်စားလှယ်များက မျက်ခြေမပြတ်ကြီးကြပ်ပေးသင့်ပါတယ်''ဟု
ဒဂုံမြို့သစ် (ဆိပ်ကမ်း)မဲဆန္ဒနယ်မှ ဒေါက်တာမျိုးအောင်က ဆွေးနွေးခဲ့ပါသည်။
ပြည်ထောင်စုလွှတ်တော်မှမူလ အတည်ပြုခဲ့သော
အချက်များအတိုင်းသာထားရှိသင့်ကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီက သဘောထား
မှတ်ချက်ပေးခဲ့သော်လည်း နိုင်ငံခြားဥပဒေရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း
ပုဒ်မ ၂၄၊ ပုဒ်မခွဲ (စ)ပါ ပညာရှင် အဆင့်အချိုးခွဲဝေမှုအဖြစ်
နိုင်ငံခြားသားဝန်ထမ်းများနည်းတူ မြန်မာနိုင်ငံသားဝန်ထမ်းများအား
ခန့်ထားရန်တွင် လုပ်ခအဆင့်ကို ခွဲခြားမှုမရှိစေရန် အခွင့်အလမ်းများ
စီမံဆောင်ရွက်ပေးရမည်' ဆိုသည့် အချက်ကိုသာ ပြည်ထောင်စုလွှတ်တော်၏
မူလအတည်ပြုချက်အတိုင်း အတည်ပြုခဲ့ပြီး ကျန် ၁၀ ချက်ကို နိုင်ငံတော်သမ္မတ၏
သဘောထားမှတ်ချက်အတိုင်း ပြင်ဆင်အတည်ပြုခဲ့သည်။
နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်အရ ဥပဒေကြမ်းတွင် ပါဝင်သော
နိုင်ငံသားများလုပ်ကိုင်နိုင်သည့် လုပ်ငန်းများနှင့်ပတ်သက်သည့်
အချက်လေးချက်ရှေ့တွင် 'နည်းဥပဒေထုတ်ပြန်သတ်မှတ်ထားသော'စာသားဖြည့်စွက်ခြင်း
ပုဒ်မ ၁၂ ပုဒ်မခွဲ (ည)ပါ ပုဒ်မခွဲ (ဈ)အရ စာချုပ်တွင် သတ်မှတ်သော ရင်းနှီး
မြှုပ်နှံမှုအချိုးကို ရင်းနှီးမြှုပ်နှံသူက မြန်မာနိုင်ငံသားများအား
ပြန်လည်ရောင်းချပေးရန် ဆောင်ရွက်ခြင်းအပိုဒ်ကို နှုတ်ပယ်ခြင်း
ပြုလုပ်ခဲ့ပါသည်။
ပြည်ထောင်စုလွှတ်တော်က ယခုအတည်ပြုလိုက်သော ဥပဒေကြမ်းတွင်
ဖက်စပ်လုပ်ငန်းအဖြစ် ဖွဲ့စည်းပါက နိုင်ငံခြားမတည်ငွေနှင့်
နိုင်ငံသားမတည်ငွေတို့ကို ဖက်စပ်လုပ်ငန်းပြုလုပ်သည့် နိုင်ငံခြားသားနှင့်
နိုင်ငံသားရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်အရ သတ်မှတ်နိုင်ကြောင်း၊
နိုင်ငံခြားသားသည် တားမြစ်သည့်လုပ်ငန်း၊ ကန့်သတ်သည့်လုပ်ငန်းများကို
နိုင်ငံသားနှင့် ဖက်စပ်လုပ် ကိုင်ပါက နိုင်ငံခြားမတည်ငွေရင်းအချိုးကို
နည်းဥပဒေဖြင့် ပြဋ္ဌာန်းထားသည့်အချိုးအတိုင်း အဆိုပြုနိုင်ကြောင်း၊
မိမိငှားရမ်းခွင့် သို့မဟုတ် အသုံးပြုခွင့်ရရှိသော မြေ၏
သဘာဝမြေမျက်နှာသွင်ပြင် သို့မဟုတ် မြေအနိမ့်အမြင့်အနေအထားသိသာထင်ရှား စွာ
ပြောင်းလဲမှုကို ကော်မရှင်၏ခွင့်ပြုချက်မရှိဘဲ မပြုလုပ်နိုင်ကြောင်း၊
နိုင်ငံခြားကုမ္ပဏီဖြစ်ပါက မိမိ၏ အစုရှယ်ယာအားလုံးကိုဖြစ်စေ၊ အချို့ကို
ဖြစ်စေ နိုင်ငံခြားသားတစ်ဦးဦး၊ နိုင်ငံသားတစ်ဦးဦး
သို့မဟုတ်နိုင်ငံခြားကုမ္ပဏီတစ်ခုခု နိုင်ငံသားကုမ္ပဏီ တစ်ခုခုသို့
အပြီးအပိုင်လွှဲပြောင်းရောင်းချနိုင်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူသည်
နိုင်ငံသားများ လုပ်ကိုင်ခွင့်ရရှိထားသည့် မြေယာများ၌
စိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများ
ကန်ထရိုက်စနစ်ဖြင့်ဆောင်ရွက်ရာတွင် နိုင်ငံသားရင်းနှီးမြှုပ်နှံသူ နှင့်
ဖက်စပ်စနစ်ဖြင့်သာ ဆောင်ရွက်ခွင့်ရှိကြောင်း သိရသည်။
Eleven Media Group

No comments:
Post a Comment