ဒီဘလောက်သည် သတင်းဝါသနာရှင်များ တစ်နေရာတည်းတွင် သတင်းများ စုံလင်စွာ ဖတ်ရှုနိုင်ရန်အတွက် ၀ါသနာ အလျောက် လွှင့်တင်ထားသော ဘလောက်ဖြစ်ပါတယ်ခင်ဗျာ။သတင်းဌာနကြီးများ၏ မူရင်းသတင်းများကိုလည်း ခရတ်ဒစ် ပေးသွားမှာဖြစ်ပါတယ်။
Thursday, November 1, 2012
၂၅ နှစ်အတွင်း ပထမဆုံးအဖြစ် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ချေးငွေနှင့် အထောက်အပံ့ငွေ ဒေါ်လာ ၂၄၅ သန်းပေးရန် စီစဉ်
ကမ္ဘာ့ဘဏ်က ၂၅ နှစ်အတွင်း ပထမဆုံးအဖြစ် မြန်မာနိုင်ငံကို ချေးငွေနှင့်အထောက်အပံ့ငွေ အမေရိကန်ဒေါ်လာ ၂၄၅ သန်း ထုတ်ပေးသွားရန် စီစဉ်ထားသည်ဟု နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။
ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန် အထောက်အပံ့ငွေအဖြစ် အမေရိကန်ဒေါ်လာသန်း ၈၀ ပေးအပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံက ယခင်ကယူထားသည့် အကြွေးဟောင်း ဒေါ်လာသန်း ၄၀၀ ခန့်ကို အကြေဆပ်ပြီးပါက နောက်ထပ်ချေးငွေ ၁၆၅ သန်း ထုတ်ချေးသွားမည်ဟု ကမ္ဘာ့ဘဏ်ဘုတ်အဖွဲ့က ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။
အဆိုပါငွေကြေးများကို
မည်ကဲ့သို့ ခွဲဝေနေရာချထားမည်ကို မကြာမီဆက်လက်ဆွေးနွေးသွားမည်ဟု ဆိုသည်။
၎င်းတို့က မြန်မာနိုင်ငံအတွက် ချမှတ်ထားသော မဟာဗျူဟာအရ နိုင်ငံ၏ ဆင်းရဲမွဲတေမှု လျော့ချရေးလုပ်ငန်းများကို ၁၈ လအတွင်း အကောင်အထည်ဖော်ပေးသွားမည်ဖြစ်သည်။
“ကမ္ဘာ့အသိုင်းအ၀ိုင်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်နဲ့ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံသားတွေ အရေးတကြီးလိုအပ်နေတဲ့ ကျန်းမာရေး၊ ပညာရေး၊ အခြေခံအဆောက်အဦ နယ်ပယ်တွေမှာ ဖွံ့ဖြိုးမှုတွေ ရရှိစေဖို့ လုပ်ဆောင်သွားပါမယ်။ နောက်ပြီး ပုဂ္ဂလိကကဏ္ဍကိုလည်း ထူထောင်သွားမှာဖြစ်တဲ့အတွက် အလုပ်အကိုင်တွေကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ကမ္ဘာ့ဘဏ်အဖွဲ့ ဥက္ကဋ္ဌ မစ္စတာဂျင်ယောင်ကင်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘာ့ဘဏ်များအပေါ် တင်ရှိနေသော အကြွေးများကို ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလတွင် စတင်ရှင်းလင်းမည်ဟု မျှော်မှန်းရသည်။
မြန်မာနိုင်ငံ၏ အဆိုပါအကြွေးများကို ရှင်းလင်းရန် ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဘဏ်မှ ပေါင်းကူးချေးငွေ အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကို ပေးအပ်သွားမည်ဖြစ်ကြောင်း ဂျပန် ဘဏ္ဍာရေးဝန်ကြီးက အောက်တိုဘာလ ၁၁ ရက်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ၀ါရှင်တန်အခြေစိုက် ကမ္ဘာ့ဘဏ်သို့ အမေရိကန်ဒေါ်လာ သန်း ၄၀၀ နှင့် မနီလာအခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ်သို့ အမေရိကန်ဒေါ်လာသန်း ၅၀၀ နီးပါး ပေးဆပ်ရန်ရှိသည်။
Eleven Media Group
Labels:
ပြည်တွင်းသတင်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment