Saturday, November 3, 2012

ဖားကန့်ဒေသတွင် တစ်ပတ်အတွင်း တိုက်ပွဲ (၂)ကြိမ်ဖြစ်ပွားခဲ့ပြီး အရပ်သား (၂)ဦးသေ၊ (၆)ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် နိုဝင်ဘာလ (၂)ရက်နေ့ နေ့လယ် (၁)နာရီခွဲမှ (၂)နာရီအထိ  တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး အရပ်သား (၄)ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။  အဆိုပါတိုက်ပွဲသည် မှော်မောင်းဘွမ်တွင် တပ်ထိုင်နေသော တပ်မတော်များနှင့် ဆွတ်ငိုင်ယန်တောင်တွင် တပ်ထိုင်နေသော ကေအိုင်အေတို့အကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်မှုကြောင့်
မှော်မောင်းဘွမ်နှင့် ဆွတ်ငိုင်ယန်အကြားရှိ ဗလခရွာရှိ အိမ်တစ်အိမ်ပေါ်တွင် လက်နက်ကြီးကျရောက်မှုကြောင့် (၁၀)နှစ်ဝန်းကျင် ကျောင်းသား (၂)ဦးနှင့် လူကြီး(၂)ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

''အပြန်အလှန်ပစ်ခတ်တာကတော့ နာရီဝက်ကျော်ကျော်လောက်ကြာပါတယ်။ လက်နက်ကြီးတစ်ခုက ဗလခမှာရှိတဲ့ အိမ်တစ်အိမ်ကို ထိမှန်ပြီး လူ (၄)ဦး ဒဏ်ရာရတာပါ။ လူကြီး (၁)ဦးကတော့ တင်ပါးကိုထိမှန်ပြီး ဖားကန့်ဆေးရုံမှာ အတွင်းလူနာအဖြစ် ကုသနေပါတယ်။ ကလေး(၂)ဦးကတော့ ဦးခေါင်းတွေမှာ ဒဏ်ရာရတာပါ'' ဟု ဆေးရုံရောက်ခဲ့သူ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါပစ်ခတ်မှုများကြောင့် တောင်ပြို၊ ဗလခ၊ မော်မောင်းလျံ၊ သူဌေးချောင် စသော မှော်ကျေးရွာများမှ ဒေသခံများမှာ ဖားကန့်မြို့ပေါ်ရှိ ဒုက္ခသည်စခန်းများသို့ ပြေးဝင်ခိုလှုံနေကြရသည်ဟု သိရသည်။ တစ်ပတ်အတွင်း၌ (၂)ကြိမ်မြောက်ဖြစ်ပြီး အောက်တိုဘာလ (၃၀)ရက်ကလည်း ဆိုင်းတောင်နှင့်တာမခံအကြားတွင် အပြန်အလှန်ပစ်ခတ်မှုများကြောင့် လူ(၂)ဦး သေဆုံးခဲ့ပြီး (၂)ဦးဒဏ်ရာရခဲ့သည်။ အဆိုပါအပြန်အလှန်ပစ်ခတ်မှုများတွင် နှစ်ဖက်တပ်မှလည်း ကျဆုံးသူ (၄)ဦးရှိခဲ့သည်ဟု ဒေသခံများက ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment