Friday, November 2, 2012

နီပွန်ဖောင်ဒေးရှင်းက ရွှေ့ပြောင်းနေထိုင်နေရသည့် တိုင်းရင်းသားများ အတွက် ဒေါ်လာသုံးသန်းကူညီ

တိုကျိုအခြေစိုက် နီပွန်ဖောင်ဒေးရှင်းမှ စစ်ပွဲများကြောင့် ရွှေ့ပြောင်းနေထိုင် နေရသည့် တိုင်းရင်း
သားများအတွက် အရေးပေါ်လူသားချင်းစာနာမှု အကူအညီ အမေရိကန်ဒေါ်လာသုံးသန်း
ထောက်ပံ့မည်ဖြစ်ကြောင်း ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်၌ အောက်တိုဘာလ ၂၉ ရက်နေ့က
သတင်းစာရှင်းလင်းပွဲတွင် ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ယိုဟီဆာဆာကာဝါက ပြောသည်။
အဆိုပါ ကူညီထောက်ပံ့မှုအစီအစဉ် အရ စစ်ပွဲကြောင့် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများ
ထိန်းချုပ်ထား သောဒေသအတွင်းရှိ ရွှေ့ပြောင်းနေထိုင် ရသူများအတွက် အရေးပေါ် လိုအပ်နေ
သော ဆေးဝါးနှင့် အစားအစာများအား ဒီဇင်ဘာလခန့်မှ စတင်ဖြန့်ဖြူးသွားရန် ရည်မှန်းကြောင်း
၎င်းက ပြောသည်။
"ကနဦး ကူညီထောက်ပံ့မှုတွေအနေ နဲ့ အမေရိကန်ဒေါ်လာ
၃၀၀,၀၀၀ တန်ဖိုး ရှိ အစားအစာနဲ့
ဆေးဝါးပစ္စည်းတွေကို ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (United
Nationalities Federal Council) အဖွဲ့ဝင်တွေရဲ့ ဒေသ ၁၁ နေရာမှာ ညီညီမျှမျှ ခွဲဝေပေးသွားမှာ
ဖြစ်ပါတယ်။ ဖြန့်ဝေရာမှာလည်း မြန်မာပြည်တွင်းကနေ ဖြန့်ဖြူးပေးဖို့ စီစဉ်ထားပါတယ်"ဟု မစ္စတာ
ယိုဟီဆာ ဆာခါဝါက ပြောသည်။
ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အို)အပါအ၀င် ရှမ်း၊ ကယား၊ ကရင်၊ မွန်၊ ချင်း၊ ရခိုင်
ဒေသများမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်း ၁၁ ဖွဲ့ဖြင့် ညီညွတ်သော တိုင်းရင်းသား
လူမျိုးများ ဖက်ဒရယ် ကောင်စီကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ လတွင် ဖွဲ့စည်းခဲ့သည်။
အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် အဆိုပါဖောင်ဒေးရှင်း၏ လေ့လာတွေ့ရှိချက်အရ
စစ်ကြောင့် ရွှေ့ပြောင်းနေထိုင်ရသူဦးရေ တစ်သန်း ခန့်ရှိကာ ၎င်းတို့အတွက် အစားအစာ နှင့်
ဆေးဝါးများ အရေးပေါ်လိုအပ်လျက် ရှိကြောင်း ၎င်းကပြောသည်။
"လက်ရှိမှာ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ စခန်းတွေဆီကို ဘယ်လိုလမ်းကြောင်း တွေကနေ ပေးပို့
ရမယ် လမ်းပန်းဆက်သွယ်ရေးအခြေအနေတွေ ဘယ်လိုရှိတယ်ဆိုတာ မသိသေးပါဘူး။ ဒါကြောင့်
ကနဦးအနေနဲ့ ကန်ဒေါ်လာ ၃၀၀,၀၀၀ ဖိုးရှိတဲ့ ဆန်နဲ့ဆေးဝါးတွေကို ပေးပို့ပြီး ကျန်တဲ့ ထောက်ပံ့မှု
တွေကိုလည်း မြန်မြန်ပေးပို့သွားနိုင်ဖို့ မျှော်လင့်ထား ပါတယ်"ဟု ၎င်းကပြောသည်။
ဖောင်ဒေးရှင်း၏ ကူညီထောက်ပံ့မှု အစီအစဉ်အား မြန်မာအစိုးရနှင့် ညီညွတ်သော တိုင်းရင်းသား
လူမျိုးများ ဖက်ဒရယ်ကောင်စီမှလည်း အသိအမှတ် ပြုပြီးဖြစ်ကြောင်းမစ္စတာ ယိုဟီဆာဆာခါဝါက
ပြောသည်။

အေးစပယ်ဖြူ
The Myanmar Times

No comments:

Post a Comment