မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကြောင့် ယခုနှစ်အတွင်း အမေရိကန်လူမျိုး ခရီးသွားဦးရေမှာ သိသိသာသာ မြင့်တက်လာသည်။
“နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုကြောင့်လို့ ထင်တယ်။ အမေရိကန်လူမျိုးတွေဆို ပိုသိသာတယ်။ အထူးသဖြင့် ဥရောပနိုင်ငံသားတွေ
ဒီနှစ်ပိုင်းမှာ ပိုလာတယ်။ စီးပွားရေးဘက်က ကြည့်မယ်ဆိုလည်း ပိတ်ဆို့မှုတွေဖွင့်ပြီးနောက်ပိုင်း ပိုဝင်လာတယ်”ဟု တောင်ကြီးဟိုတယ်ဇုန်မှ အတွင်းရေးမှူး ဦးအောင်ကျော်မိုးကဆိုသည်။
အမေရိကန်လူမျိုးခရီးသွားဦးရေမှာ ယခင်နှစ်ကနှင့် နှိုင်းယှဉ်လျှင် ၃၀ ရာခိုင်နှုန်းခန့် ပိုများလာသည်။ ယခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလကုန်အထိ အမေရိကန်လူမျိုး
ဧည့်အ၀င်၂၂၆၅၇ ဦး ရှိပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ခရီးသွားဧည့်သည် တိုးလာတာ ကောင်းတဲ့ကိစ္စပါ။ နောက်ပိုင်းလည်း ဧည့်သည်အ၀င် ပိုများလာဦးမှာ၊ အခုလက်ရှိတော့ ဟိုတယ်တွေ၊ လေကြောင်းလိုင်းတွေ၊ ဧည့်လမ်းညွှန်တွေအနေနဲ့က ၀န်ဆောင်မှုပိုင်းမှာ နိုင်သေးတယ်။ နိုင်ငံခြားသားဧည့်သည် အ၀င်များလာရင် ၀န်ဆောင်မှုပိုင်းမှာ လစ်ဟင်းသွားမှာ အရမ်းစိုးရိမ်တယ်”ဟု မြန်မာ့ခရီးသွားဈေးကွက်မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေရာဇာကပြောသည်။
ယခုနှစ် ဇန်န၀ါရီမှ စက်တင်ဘာလကုန်အထိ နိုင်ငံတကာဧည့်သည်အ၀င်မှာ ၃၅၇၁၅၉ ဦး ရှိပြီဖြစ်ရာ ၂၀၁၁ ခုနှစ်ထက် ၄၇ ရာခိုင်နှုန်း တက်လာကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ ယခင်နှစ်က အလားတူကာလတွင်
၂၄၃၃၃၇ ဦးသာ ရှိခဲ့သည်။
“ကျွန်တော် သိသလောက်တော့ အမေရိကန်တွေ မြန်မာနိုင်ငံကို အရမ်းစိတ်ဝင်စားနေကြတယ်။ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ပြီးမှ ပိုလာတာတွေ့ရတယ်”ဟု ဧည့်လမ်းညွှန်တစ်ဦးကပြောသည်။
ခိုင်ချို
7Day News

No comments:
Post a Comment