Saturday, November 3, 2012

ပြည်တွင်းပဋိပက္ခ များကြောင့် အကယ်ဒမီပေးပွဲ စိတ်ဝင်စားမှု လျော့နည်းဟုဆို

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်း ပဋိပက္ခများကြောင့် ရုပ်ရှင်ထူးချွန်ဆု ပေးပွဲကို စိတ်ဝင်စားမှု နည်းပါးလျက်ရှိကြောင်း သရုပ်ဆောင် အကယ်ဒမီ ခန့်စည်သူက အောက်တိုဘာ လ ၃၁ ရက်နေ့ တွင်The Voice Weekly သို့ ပြောကြားသည်။ "အခုဆိုရင် ကချင်အရေး၊ ရခိုင်အရေး၊ ကျောင်းသားဟောင်းတွေ ကိစ္စနဲ့ ပြည်သူတွေက အဲဒါတွေကို ပိုပြီးအာရုံ ရောက်ကြတယ်။ အကယ်ဒမီကိစ္စကို သိပ်ပြီး စိတ်မဝင်စား ကြတော့ဘူး" ဟု ၄င်းက ထပ်မံ ပြောကြားသည်။
ယခုနှစ် ရုပ်ရှင်ထူးချွန်ဆု အတွက်
ခန့်မှန်း ပြောဆိုမှုများ ငြိမ်သက်နေ ပြီး အမျိုးသား သရုပ်ဆောင်များ ထဲတွင်လည်း မည်သူရမည်ဟု ထင်ကြေးပေးနေမှု များမရှိကြောင်း၊ ရုပ်ရှင်သရုပ်ဆောင်များ ထဲတွင် အကယ်ဒမီ သက်မွန်မြင့်နှင့် ချစ်စနိုးဦး တို့ကို ခန့်မှန်းထားကြောင်း ဒါရိုက်တာကိုဇော် (အရုဏ်ဦး) က ပြောကြားသည်။

ရုပ်ရှင်ထူးချွန်ဆု အတွက် တတိယအဆင့် စိစစ်နေပြီဖြစ်ရာ ရုပ်ရှင်ဇာတ်ကား နှစ်ကား ကြည့်နေပြီ ဖြစ်ကြောင်း၊ မည်သူရမည် ဆိုသည် ကို ပြောပြ၍ မရကြောင်း၊ ရုပ်ရှင်လောကသား များနှင့် ပရိသတ်များ မှန်းထားသည်နှင့် တစ်ထပ်တည်း ကျမည်ဟု ထင်ကြောင်း၊ သတ်မှတ် ထားသော အရည်အချင်းများနှင့် ပြည့်စုံလျှင် ဟာသဇာတ်ကား များလည်း ဆုရနိုင်ကြောင်း ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ရေး အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒါရိုက်တာ ဦးကြည်စိုးထွန်း က The Voice Weekly သို့ ပြောကြားသည်။

ဒရာမာ ဇာတ်ကားများသည် ဟာသကား များထက် ရုပ်ရှင်ထူးချွန်ဆု ရရှိရန် ရာခိုင်နှုန်း ပိုများကြောင်း၊ နိုင်ငံတကာ တွင်လည်း အတူတူပင် ဖြစ်ကြောင်း၊ ပရိသတ်များသည် ဟာသကားများကို ကြည့်ရှုမှုနှုန်း ပိုများ၍ ဟာသကားများ ပိုမိုရိုက်လာရကြောင်း အကယ်ဒမီ ခန့်စည်သူက ထပ်လောင်း ပြောကြားသည်။
"ဟာသကားမို့လို့ ထားခဲ့တယ်လို့ မဖြစ်စေချင်ဘူး။ အကုန် ကြည့်စေချင်တယ်။ ရုပ်ရှင်လောက ကိုလည်း အရင်တုန်း က မူတွေထက် အများကြီး ပိုပြောင်းလဲ လာစေချင်တယ်။ စနစ်တွေလည်း ပြောင်းလဲ လာပါစေလို့ ဆုတောင်းပါတယ်" ဟု သရုပ်ဆောင် အရိုင်းက ပြောကြားသည်။

မြန်မာ့ ရုပ်ရှင်လောက၏ ဈေးကွက်ပိုမို ကျယ်ပြန့်လာလျှင် ဇာတ်ကားကောင်းများ၊ သရုပ်ဆောင် ကောင်းများ ပိုမိုကျယ်ပြန့် လာမည်ဖြစ်ပြီး ရုပ်ရှင်လောက၏ အရည်အသွေး လည်း ပိုမိုမြင့်တက် လာမည်ဖြစ်ကြောင်း ဒါရိုက်တာ ဦးကြည်စိုးထွန်းက ထပ်လောင်း ပြောကြားသည်။ ရုပ်ရှင်ထူးချွန် ဆုပေးပွဲအပေါ် ပြည်သူများ စိတ်ဝင်စားမှု လျော့နည်းရသည့် အကြောင်းကို The Voice Weekly က ဝါရင့်သရုပ်ဆောင် ဦးကျော်သူ၏ ထင်မြင်ချက်ကို မေးမြန်းရာ ပရိသတ်အကြိုက်၊ ပြည်သူ့အကြိုက် လိုက်၍ ဇာတ်လမ်းများ မရိုက်ကူးသောကြောင့် စိတ်ဝင်စားမှု နည်းပါးကြောင်း၊ ပြည်သူများက ဝမ်းနည်း စိတ်မကောင်း ဖြစ်သည် ကို ဟာသကားများ ရိုက်ကူးခဲ့သဖြင့် ပြည်သူနှင့် တစ်ထပ်တည်း မကျသောကြောင့် ဖြစ်ကြောင်း ၄င်း၏ အမြင်ကို ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment