Friday, November 2, 2012

နိုင်ငံတကာလေဆိပ် လေးခုရှိလာမည်



မြန်မာနိုင်ငံတွင် နိုင်ငံတကာလေဆိပ်လေးခု ရှိလာမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းကပြောသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တိုးချဲ့ရေးအပိုင်းနှင့်ပတ်သက်၍ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တွေ့ဆုံသည့်ပွဲတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားသွားခြင်းလည်း ဖြစ်သည်။ လက်ရှိတွင် ရန်ကုန်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့အပြင် အနာဂတ်တွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်အပြင် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ကိုလည်း
ထပ်မံတိုးချဲ့သွားမည်လည်းဖြစ်ကြောင်း ဦးတင်နိုင်ထွန်းကပြောသည်။
“အဓိက မေဂျာဂိတ်ဝေးကတော့ ဟံသာဝတီဖြစ်လာနိုင်တာပေါ့”ဟု ဦးတင်နိုင်ထွန်းကဆိုသည်။ အဓိက အပြည်ပြည်ဆိုင်ရာဝင်ပေါက် ဖြစ်လာနိုင်သည့် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မြေဧက ၉၀၀၀ ကျော် ကျယ်ဝန်းပြီး ရန်ကုန်လေဆိပ်ထက် ၁၀ ဆကျော် ကျယ်ဝန်းကာ ၁၉၉၃ ခုနှစ်တွင် မြေပြင်ရှင်းလင်းရေးလုပ်ငန်းများကိုသာ လုပ်ဆောင်ထားခဲ့ရာမှ ယခု ၂၀၁၂ ခုနှစ်တွင် ပြန်လည်စတင်ရေးအတွက် ဆောင်ရွက်နေပြီဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါ ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်အတွက် တင်ဒါတင်သွင်းရွေးချယ်ထားသည့် ၃၀ ကျော်ပါဝင်ပြီး မြန်မာကုမ္ပဏီနှစ်ခုသာ ပါဝင်လာခဲ့သည်။
နိုင်ငံတကာအပြည်ပြည်ဆိုင်ရာလေဆိပ်များ တိုးချဲ့ရန်အတွက် လုပ်ငန်းရှင်များအား တင်ဒါအသီးသီးခေါ်ယူခဲ့ရာ မည်သည့်လေဆိပ်တွင် မည်ကဲ့သို့လုပ်ဆောင်ရမည်ကို ဝေခွဲရခက်နေခြင်းနှင့်ပတ်သက်၍ လေဆိပ်များတွင် ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဘယ်အတိုင်းအတာအထိ အကျိုးအမြတ်ရမယ်ဆိုတာကို စဉ်းစားနေတာ”ဟု ရန်ကုန်လေဆိပ် ပုဂ္ဂလိကလုပ်ကိုင်ခွင့်ရရှိရေးပွဲသို့ တက်ရောက်လာသည့် လုပ်ငန်းရှင်တစ်ဦးကဆိုသည်။
လက်ရှိတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပုဂ္ဂလိကလုပ်ငန်းရှင်များ ၀င်ရောက်လုပ်ကိုင်နိုင်ရေးအတွက် အောက်တိုဘာ ၂၅ ရက်တွင် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် စတင်ခေါ်ယူပြီး မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်အတွက် အကြိုရွေးချယ်မှုအဖြစ် ကုမ္ပဏီပေါင်း ၁၅ ခုကို စတင်ရွေးချယ်ထားပြီး နေပြည်တော်လေဆိပ်အတွက် လတ်တလော ခေါ်ယူထားခြင်း မရှိသေးကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ကနဦးသတင်းများအရ သိရသည်။
အဆိုပါလေဆိပ်များ အပြီးသတ်နိုင်ရေးအတွက် နောက်ဆုံးအချိန်အဖြစ်၂၀၁၇ ခုနှစ်ကို သတ်မှတ်ထားသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ လေယာဉ်ကွင်းပေါင်း ၆၉ ကွင်းရှိပြီး အသုံးပြုလျက်ရှိသော လေယာဉ်ကွင်းပေါင်း ၃၃ ကွင်းရှိကြောင်း သိရသည်။

အိဖြူလွင်၊မိုးညို
7Day News

No comments:

Post a Comment