တစ်နိုင်ငံလုံးရှိ သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးအဖွဲ့များ ပါဝင်မည့် မြန်မာအစိမ်းရောင်ကွန်ရက်၏
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အလုပ်ရုံဆွေးနွေးပွဲကို ပုပ္ပားတွင်
ပြုလုပ်မည်ဖြစ်ကြောင်း ယင်းကွန်ရက်မှ ဥက္ကဋ္ဌဒေါ်ဒေ၀ီသန့်ဇင်က ပြောသည်။
ယင်းဆွေးနွေးပွဲကို နိုဝင်ဘာလ တတိယအပတ်တွင် ပုပ္ပား၌ပြုလုပ်သွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေသော ကွန်ရက်အဖွဲ့များ လာရောက်မည်ဖြစ်ကာ ဒေသတွင်းရှိ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများနှင့် ထိန်းသိမ်းရေးလုပ်ငန်းများ ဆွေးနွေးကြမည်ဖြစ်ကြောင်း ဒေါ်ဒေ၀ီသန့်ဇင်ကပြောသည်။
“ထီးကြီးဖွင့်ထားတဲ့ သဘောပဲ။ ဒီပွဲမှာ တစ်နိုင်ငံလုံးမှာ
ချိတ်ဆက်ထားတဲ့ ကွန်ရက်အဖွဲ့တွေက သဘာဝပတ်ဝန်းကျင်ပြဿနာတွေ ဆွေးနွေးကြမယ်။ အချက်အလက်တွေစုမယ်။ အကူအညီလိုရင် ချိတ်ဆက်ဆောင်ရွက်ပေးမယ်”ဟု ဒေါ်ဒေ၀ီသန့်ဇင်ကပြောသည်။
ယင်းကွန်ရက်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နယ်ပယ်မှ ပညာရှင်များဖြစ်သော ဦးထွန်းလွင်၊ ဦးအုန်း၊ ဒေါက်တာခင်မောင်ညို၊ ဦးအောင်မြင့်၊ ဦးတင်ထွန်း စသည့် ပညာရှင်များအပါအ၀င် နယ်ဒေသအသီးသီးမှ ဒေသခံ သဘာဝပတ်ဝန်းကျင်ချစ်သူများလည်း ပါဝင်မည်ဖြစ်သည်။
ယင်းအလုပ်ရုံဆွေးနွေးပွဲသည် မြန်မာအစိမ်းရောင်ကွန်ရက်၏ ဒုတိယမြောက်ပွဲဖြစ်ပြီး ပထမပွဲကို ပြင်ဦးလွင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ ပထမဆုံး အလုပ်ရုံဆွေးနွေးပွဲကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်သော နယ်ပယ်ဆိုင်ရာ ပညာရှင်များအပါအ၀င် အဖွဲ့ပေါင်း ၅၃ ဖွဲ့ တက်ရောက်ခဲ့သည်။ ကွန်ရက်ကို ၂၀၁၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး တစ်နိုင်ငံလုံးရှိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ကြုံတွေ့ရမှုများကို အဆိုပါကွန်ရက်အဖွဲ့ကို ချိတ်ဆက်ပါက ကိုယ်တိုင်ကွင်းဆင်းလေ့လာခြင်းနှင့် အချက်အလက် ကောက်ယူခြင်းများကို ကူညီဆောင်ရွက်ပေးကြောင်း သိရသည်။
အိဖြူမွန်
7Day News

No comments:
Post a Comment