မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍအဆင့်မြှင့်တင်ရေး လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရန် ဘက်စုံလွှမ်းခြုံနိုင်သော
ပညာရေးကဏ္ဍလေ့လာ သုံးသပ်ရေးလုပ်ငန်းကို ၂ နှစ် အတွင်း အဆင့် ၃ ဆင့်ဖြင့် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံပညာရေးစနစ်၏ အားသာချက်နှင့် အားနည်းချက်များအပေါ်အခြေခံ၍ ပြု ပြင်ပြောင်းလဲရမည့် လုပ်ငန်းနယ်ပယ်များကို ဖော်ထုတ်ပေးရန်၊
အထောက်အထား ခိုင်မာသော ပညာရေးမူဝါဒများနှင့် ဥပဒေများ ထွက်ပေါ်လာရေးနှင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဖြည့်ဆည်းပံ့ပိုးပေးရန်နှင့် လေ့လာတွေ့ရှိချက်များအပေါ် အခြေခံပြီး ပညာရေးစီမံချက်များကို ရေးဆွဲတင်ပြနိုင်ရန် ရည်ရွယ်ထားကြောင်း
သတင်းရရှိသည်။
“ပညာရေးမူဝါဒပိုင်းမှာ အထောက်အထားခိုင်မာတဲ့ မူဝါဒတွေနဲ့ ကဏ္ဍခွဲအလိုက် လိုအပ်နေတဲ့ ဥပဒေသစ်တွေကို ရေးဆဲဖို့ လိုအပ်သလို
တည်ဆဲဥပဒေတွေကိုလည်း ခေတ်စနစ်နဲ့အညီ ပြုပြင်ဖို့ လိုအပ်နေတာတွေ၊ ဗဟိုချုပ်ကိုင်မှု လျှော့ချတဲ့စနစ်ကို ပြောင်းလဲအသုံးပြုနိုင်ရေးအတွက်
ပညာရေးစီမံခန့်ခွဲမှု စနစ်တွေကိုလည်း ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတာတွေကို အထင်အရှားတွေ့ရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ပညာရေး
အသုံးစရိတ်ကိုလည်း ဒေသတွင်းနဲ့ နိုင်ငံတကာ စံနှုန်းတွေနဲ့ နှိုင်းယှဉ်လေ့လာပြီး ဖြစ်သင့်တဲ့နှုန်းထားကို အဆိုပြု တင်ပြပေးဖို့ လိုအပ်မှာဖြစ်ပါတယ်”ဟု
နေပြည်တော်၊ သင်္ဂဟဟိုတယ်တွင် ကျင်းပသော အထက်ပါ လုပ်ငန်းစတင်ခြင်း အခမ်းအနား၌ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ကိုယ်စား ဒုတိယ၀န်ကြီး ဒေါက်တာမျိုးမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
လုပ်ငန်းအစီအစဉ်အနေဖြင့် ပထမအဆင့်တွင် အချိန်တိုတွင်း အကဲဖြတ်ခြင်း၊ ဒုတိယအဆင့်တွင် အသေးစိတ်လေ့လာ ဆန်းစစ်ခြင်းနှင့်
တတိယအဆင့်တွင် အသုံးစရိတ် လျာထားချက်များ ပါဝင်သော ပညာရေးစီမံကိန်းများ ရေးဆွဲပြုစုခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်သည်။
အဆိုပါ လုပ်ငန်းရုံးကို ကမာရွတ်မြို့နယ်၊ ပြည်လမ်း အမှတ် (၄၂၆)တွင် အခြေစိုက်သွားမည် ဖြစ်ပြီး ဘဏ္ဍာရေးနှင့် နည်းပညာ ပံ့ပိုးမှုအနေဖြင့်
ADB, AusAID, British Council, Denmark, DFID, EU, GIZ, JICA, MDEF, Norway, UNESCO, UNICEF, World Bank နှင့် အခြားအဖွဲ့အစည်းများ၊
ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် မြန်မာနိုင်ငံသားအားလုံး၊ အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများ၊ လူမှုအခြေပြု
အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် အခြားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းဘက်များအားလုံး ပါဝင်လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း
သတင်းထုတ်ပြန်ထားသည်။

No comments:
Post a Comment