Saturday, November 3, 2012

၈၈ အရေးတော်ပုံ မှတ်တမ်း ရုပ်ရှင် ရိုက်ကူးမည်

မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှု သမိုင်းတွင် အကြီးမားဆုံးသော လူထု လှုပ်ရှားမှု ကြီးဖြစ်ခဲ့သော ၈၈ အရေးတော်ပုံ ဖြစ်ရပ်မှန်များကို ‘ချွန်စေမြစေသော’ အမည်ဖြင့် မှတ်တမ်းရုပ်ရှင် ရိုက်ကူးမည်ဖြစ် ကြောင်း အဆိုပါ ဇာတ်ကား ဒါရိုက်တာ သျှိုညိုထွန်းသိမ်းကThe Voice Weekly သို့ပြောကြားသည်။
"ဒီဇာတ်ကားမှာ လက်ရှိ နာမည်ရနေတဲ့ သရုပ်ဆောင်တွေ၊ သရုပ်ဆောင်သစ် တွေအပြင် ၈၈ ကိုဖြတ်သန်းခဲ့တဲ့ လူတွေထဲက တချို့ကို လူစားထိုး ရိုက်မယ်။ တချို့လည်း ကိုယ်တိုင် ပါဝင်သရုပ် ဆောင်မယ်။ ဒီဇာတ်ကားကို ၂၀၁၃ ခုနှစ် လေးလပိုင်းလောက်မှာ စရိုက်မှာပါ" ဟု ၄င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ ဇာတ်ကား၏ ဇာတ်လမ်း ကျောရိုးကို ၁၉၉၀ ပြည့်နှစ်
ကျော်က သရက်ထောင်တွင် အကျဉ်းကျနေစဉ်က ရရှိခဲ့ကြောင်း၊ ဇာတ်လမ်းသဘောမှာ ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၅ ရက် ငွေစက္ကူ ပြဿနာမှသည် ၁၉၈၈ ခုနှစ် အာဏာသိမ်းပြီးသည့် အချိန်အထိ အဖြစ်အပျက်များ ကြားတွင် ငြိမ်းချမ်းရေး၊ မိဘ၊ သားသမီး မေတ္တာများ အကြောင်းကို ဇာတ်လမ်းဆင်ထားခြင်း ဖြစ်ကြောင်း၊ ဇာတ်ကားရိုက်ကူးရန် အနုပညာ အကြံပေး၊ ဇာတ်ညွှန်း အကြံပေး၊ သမိုင်းဆိုင်ရာ ဝတ်ဆင်ရေး အကြံပေး၊ သရုပ်ဆောင်အကြံပေး၊ သတင်းထုတ်ပြန်ရေး အဖွဲ့ ၊ ဆက်တင် အကြံပေးအဖွဲ့၊ ဘာသာပြန် အကြံပေးအဖွဲ့၊ တည်းဖြတ် အကြံပေးအဖွဲ့၊ တေးဂီတ အကြံပေးအဖွဲ့ စသည် ဖြင့် အဖွဲ့ကိုးဖွဲ့ဖွဲ့၍ ဆောင်ရွက်နေကြောင်း၊ ၈၈အရေးအခင်းတွင် ကျောင်းသား သမဂ္ဂ ခေါင်းဆောင်တစ်ဦးဖြစ်သူ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ဦးညိုထွန်း(ခ) ဒါရိုက်တာ သျှိုညိုထွန်းသိမ်းကရှင်းပြသည်။
"ဇာတ်ကားအတွက် ဇာတ်ညွှန်း အခန်းစဉ် စရေးနေပါပြီ။ ကျွန်တော်ရယ်၊ ဒီဇာတ်ကားဒါရိုက်တာရယ်၊ ကိုရွှေမိုးသက်ရယ် ပေါင်းပြီး ဇာတ်ညွှန်းရေးနေ ကြပါတယ်။ ၈၈ အရေးအခင်းတုန်းက ဖြစ်ပျက်ခဲ့တဲ့ မတ်လ ၁၆ ရက် ဖုန်းမော် သေဆုံးတဲ့ ကိစ္စတို့၊ တံတားနီ အရေးအခင်းစတဲ့ အဖြစ်အပျက်တွေကို တတ်နိုင်ရင် တကယ်ဖြစ်ခဲ့တဲ့ နေရာတွေမှာ ရိုက်ချင်ပါတယ်။ မရရင်တော့ ဆက်တင် အကြံပေး အဖွဲ့နဲ့ တိုင်ပင်ပြီး ဆက်တင်ဆောက် ရိုက်ရမှာပေါ့" ဟု ဇာတ်ညွှန်း အကြံပေး အဖွဲ့ဝင် တစ်ဦးဖြစ်သူ စာရေးဆရာ မျိုးကိုမျိုးကThe Voice Weekly သို့ပြောကြားသည်။

ယင်းဇာတ်ကား ရိုက်ကူးခြင်းနှင့် ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ မင်းကိုနိုင်က "ဒီလို ဇာတ်ကားမျိုးက ရှိသင့်ပါတယ်။ ဒါပေမဲ့ ပြည့်စုံ၊ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ဖို့တော့ လိုပါတယ်" ဟု ၄င်း၏ အမြင်ကိုပြောပြသည်။ ၈၈ ကျောင်းသားတစ်ဦးဖြစ်သူ ဦးကျော်ဇောကလည်း "ဒါရိုက်တာ ကိုယ်တိုင်က ၈၈ မှာပါခဲ့တဲ့သူ တစ်ယောက်ဖြစ်တဲ့ အတွက် ကောင်းပါတယ်။ ဖြတ်သန်းခဲ့ရတဲ့ ကာလတစ်လျှောက်မှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေ ပြည့်ပြည့်စုံစုံ ပါရင်တော့ ပိုကောင်းပါတယ်" ဟု ၄င်း၏အမြင်ကို ပြောပြသည်။

The Voice Weekly

No comments:

Post a Comment