Friday, November 2, 2012

နှစ်ပေါင်း ၂၀၀ ကျော်ရှိသော ရှေးဟောင်း ကြေးခေါင်းလောင်းတစ်ခု တူးဖော်တွေ့ရှိ

နှစ်ပေါင်း ၂၀၀ ကျော်ရှိ ရှေးဟောင်း ကြေးခေါင်းလောင်းတစ်ခုကို မန္တလေးတိုင်းဒေသကြီး ချမ်းမြ
သာစည်မြို့နယ်၊ တမ္ပ၀တီဝါးလုံးတံတားရပ်၊ မဟာစန္ဒာမုနိမြတ်စွာဘုရားတောင်ဘက်  လှေကား
အနီးတွင် အောက်တိုဘာ၂၅၊ရက်က တူးဖော် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ ကြေးခေါင်းလောင်းကို သစ်ပင်စိုက်ပျိုးရန် မြေတူးဖော်စဉ် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အမြင့်
သုံးပေ၊ အ၀ အကျယ်နှစ်ပေ၊ အထူ သုံးလက်မရှိကာ  ခြင်္သေ့ရုပ်နှစ်ရုပ်နှင့် ကမ္ပည်းစာတန်းများ
ပါဝင်ကြောင်း ကိုစည်သူက ပြောသည်။
"သစ်ပင်စိုက်ဖို့မြေတူးတာ၊
နှစ်ပေကျော်လောက်အရောက်မှာ ခေါင်းလောင်းကို  ပြောင်းပြန်
လန်နေတဲ့ အနေအထားနဲ့ စတွေ့တာပါ၊ ဆက်လက်တူးဖော်ပြီး အပေါ်ကို ကရိန်းကား
နဲ့ဆယ်ယူတာပါ။ အလေးချိန်အားဖြင့် ပိဿာ ၃၀၀ ကျော်ရှိမယ်"ဟုခေါင်းလောင်း တူးဖော်ရာ
တွင် ပါဝင်သူ ကိုစည်သူက ပြောသည်။
ယခုအချိန်တွင် အဆိုပါကြေးခေါင်း လောင်းကို  မဟာစန္ဒာမုနိ မြတ်စွာဘုရား ၀င်းအတွင်းရှိ
ဓမ္မ၀ိဟာရ ဘုန်းတော်ကြီးကျောင်းတွင် ထားရှိကြောင်းနှင့် မဟာစန္ဒာ မုနိမြတ်စွာဘုရားကို
မြန်မာသက္ကရာဇ် ၁၁၄၄ ခုနှစ်က ဘိုးတော်ဦးဝိုင်း တည်ထားကိုးကွယ်ခဲ့ကြောင်း သိရသည်။

လှိုင်ကျော်စိုး
The Myanmar Times

No comments:

Post a Comment