Friday, November 2, 2012

မွေးရာပါ ခြေထောက်ခွင်နေတဲ့ ကလေးငယ်တွေကို ခွဲစိတ်ရန်မလိုဘဲ ကုန်ကျစရိတ် သက်သက်သာသာနဲ့ ကုသနိုင်မှု လူသိနည်းနေသေး




"သမီးလေး မေတန်ကူးကို ရန်ကုန်ဂန္ဒီ ဆေးရုံကြီးမှာ မွေးခဲ့ပါတယ်။ မွေးမွေးပြီးချင်းပဲ အမျိုးသားကို
သမီးလေး ကိုယ်လက်အင်္ဂါ အစုံပါလားလို့မေးတော့ သူက ခြေထောက်ကလေး နည်းနည်းခွင်တယ်
လို့ ပြောတယ်။ သူများကလေးတွေကို တွေ့ရင် သမီးလေးကိုသနားလွန်းလို့ ငိုနေမိခဲ့တယ်။
ဒါကြောင့် ကလေးတွေကို မမြင်ရတဲ့အခန်းမှာငှားပြီး ဆေးရုံမှာ နေခဲ့ရပါတယ်"လို့ အသက်ခုနစ်လ
အရွယ် ဖြူဖြူဖွေးလေးနဲ့ ချစ်စရာကောင်းတဲ့ ရင်ခွင်ထဲမှာပိုက်ထားတဲ့သမီးငယ်လေးကို ငေးကြည့်
ရင်း မမိုမိုအေးက ပြောပါတယ်။
သမီးလေး ခြေထောက်နှစ်ဖက်ခွင်ပြီး သူများကလေးတွေလို မသွားနိုင်မလာနိုင်ဖြစ်မှာပဲလို့ တွေးပူမိ
ပြီးငိုခဲ့ရတဲ့  မိခင်ဖြစ်သူ မမိုမိုအေးဟာ
အောက်တိုဘာလ နောက်ဆုံးပတ်ထဲမှာတော့ သူ့ရဲ့ သမီး
လေး ခြေထောက်တွေလုံးဝပြန်ကောင်းလာဖို့ မျှော်လင့်ချက်အပြည့်နဲ့ ရန်ကုန်ကလေးဆေးရုံကြီးရဲ့
အရေးပေါ်ဌာန အခန်းနံပါတ်(၃)အရိုးအကြောအဆစ် ဆေးခန်းလေးသို့ ရောက်လာခဲ့ပါတယ်။
ဒီဌာနကို ၂၀၁၁ ခုနှစ်ကစတင်ပြီး ရန်ကုန်ဆေးရုံကြီးရဲ့ အရိုးအကြောအဆစ်ဌာန ပါမောက္ခဌာနမှူး
ဒေါက်တာသစ်လွင် ဦးဆောင်မှုနဲ့ အရိုးအကြော ဆရာဝန်များက မွေးရာပါခြေအတွင်းခွင် ရောဂါပါ
ကလေးတွေကို မခွဲမစိတ်ဘဲနဲ့ ပြုပြင်ယူလို့ရတဲ့ Ponsetti နည်းလမ်း အသစ်ကို အသုံးပြုပြီး အခမဲ့
ကုသပေး နေတဲ့ အစိုးရဆေးခန်းလေးတစ်ခုပါ။
ကမ္ဘာပေါ်မှာ မွေးဖွားနေကြတဲ့ ကလေးငယ် အယောက် ၁,၀၀၀ မှာ တစ်ဦးဟာ မွေးရာပါခြေခွင်တဲ့
ရောဂါနဲ့ မွေးဖွားလာကြတယ်လို့ ဆေးပညာရှင်တွေက ခန့်မှန်းကြပေမယ့် မြန်မာနိုင်ငံမှာတော့ ဒီလို
မွေးဖွားလာတဲ့ ကလေးငယ်အရေအတွက် ဘယ်လောက်ရှိမယ်ဆိုတာ တိကျတဲ့ကိန်းဂဏန်း မရှိ
သေးပါဘူး။ တစ်ပတ်မှာ နှစ်နာရီသာဖွင့်လှစ်တဲ့ ဒီဆေးခန်းလေးကို လာပြတဲ့ ကလေးလူနာအရေ
အတွက်ဟာ ပုံမှန်မရှိပါဘူးလို့ အဆိုပါဆေးခန်းလေးရဲ့ တာဝန်ခံ အရိုးအကြောဆရာဝန် ဒေါက်တာ
စိုးစံ က ပြောပါတယ်။
"လူနာပုံမှန်မရှိတာဟာ မြန်မာနိုင်ငံမှာ ဒီရောဂါမဖြစ်တဲ့ လူနာတွေနည်းလို့ မဟုတ်ဘူး၊ လူနာတွေ
က မသိလို့ မလာတာ။ လာဖို့မတတ်နိုင်လို့ မလာကြတာ။ ဆရာဝန်တွေကိုယ်တိုင်ကလည်း မသိ
ကြသေးလို့ပါ"လို့ ဒေါက်တာစိုးစံက ဆိုပါတယ်။
ဆင်းရဲသား အခြေခံပြည်သူလူထုအတွက် ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်
မယ့် Ponsetti နည်းပညာကို လက်ဆင့်ကမ်းသင်ကြားပေးဖို့နဲ့ သင်တန်းတွေနဲ့ ကုသမှုအတွက်
လိုအပ်တဲ့ နည်းပညာတွေကို ကူညီထောက်ပံ့ပေးဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် ဩစတြေး
လျနိုင်ငံက နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ အစည်းဖြစ်တဲ့ Walk for Life တို့သဘောတူ
စာချုပ်ထားပြီးဖြစ်ကြောင်း Walk for Life အဖွဲ့အစည်းကို တည်ထောင်သူ Mr Colin
Mactfarlance က ပြောတယ်။
မြန်မာနိုင်ငံရဲ့ အိမ်နီးခြင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်မှာတော့ Walk for Life အဖွဲ့ရဲ့ ပံ့ပိုးကူညီမှုများ
နဲ့ တစ်နေ့ကို လူနာ ၁၀၀ ကျော်ဟာ ဆေးခန်းကို နေ့စဉ် ပုံမှန် လာရောက်ပြီး ကုသမှုခံယူလျက်ရှိ
နေပါပြီ။
ကုသမှုတစ်ခုကို အမေရိကန်ဒေါ်လာ လေးဒေါ်လာလောက် အကုန်အကျခံရုံ ဖြင့် တန်ဖိုးမဖြတ်နိုင်
တဲ့ဘ၀တွေပိုင်ဆိုင်သွားကြပြီရပြီလို့ Mr Colin Mactfarlanceက မြန်မာတိုင်း(မ်)ကို ရှင်းပြပါတယ်။
မြန်မာနိုင်ငံမှာလည်း ဒီလို့ကုသဖို့အတွက် ကျောက်ပတ်တီးဖိုး ကျပ် ၈၀၀ ရယ်၊ ခွဲစိတ်ဖို့ ဆေးဖိုး
လေး အနည်းအကျဉ်းလေးရယ်၊ လေ့ကျင့်ဖိနပ်ဖိုး ကျပ် ၁,၅၀၀ ရယ် ကုန်ကျခံပေးရုံနဲ့ မသန်စွမ်း
ဖြစ်နေတဲ့ ကလေးငယ်တစ်ယောက်ရဲ့ ဘ၀တစ်ခုလုံးဟာ အကောင်းပကတိရှိ နေတဲ့ကလေး
တစ်ယောက်ရဲ့ ဘ၀လို့ ဖြစ်သွားနိုင်တယ်လို့ ဒေါက်တာစိုးစံက ပြောပါတယ်။
မွေးကင်းစကနေ ကလေးအသက် တစ်နှစ်ကျော်အထိ မခွဲစိတ်ပဲ ကုသပေး နိုင်ပြီး ကျောက်ပတ်တီး
ကို ခြောက်ပတ်ကနေ ရှစ်ပတ်အထိစီးပေးရဖြစ်ကာ လိုအပ်လျှင် ဖနောင့်အကြောကလေးကို
မေ့ဆေးနှင့် ဖြတ်တောက်ပြီးတော့ ကလေးငယ်လေးတွေအတွက် အထူးလုပ် သတ္တုဖိုင်ဘာဖြင့်ပြု
လုပ်ထားသော ဖိနပ်ကလေးများကို အသက် ငါးနှစ်အထိ စီးပေးခြင်းအားဖြင့် ကလေးငယ်ဟာ
ဘယ်တော့မှ ခြေထောက်မခွင်တော့ဘူး လို့ ဒေါက်တာစိုးစံက ဆိုပါတယ်။
အရိုးအကြော ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာညွန့်က ထိုရောဂါဟာ မွေးရာပါရောဂါတစ်ခု
ဖြစ်ပြီး မျိုးရိုးကြောင့်လည်းဖြစ်နိုင်သလို၊ ကလေးက မိခင်ဗိုက်ထဲမှာကတည်းကနေရတဲ့ အနေ
အထားတွေ မမှန်ဘူးဆိုပါက ဖြစ်နိုင်ပါတယ်။
ဒီလိုဖြစ်ခြင်းနေခြင်းကို ကိုယ်ဝန်ရှိစဉ်ကတည်းက အန်ထရာဆောင်းရိုက်ချိန်တွင် သိရှိနိုင်ပေမယ့်
နောက်ကျမှ ကုသမယ်ဆိုရင် ငွေကြေးများစွာ အကုန်ကျခံ ပြီး ခွဲစိတ်ပြုပြင်ယူရမယ်လို့ ဒေါက်တာ
ညွန့်က ပြောပါတယ်။
"ဒါကြောင့် မွေးမွေးပြီးချင်း သိပြီးကုသနိုင်မယ်ဆိုရင်တော့အကောင်းဆုံးပေါ့"လို့ ဒေါက်တာညွန့်က
ပြောရင်းနဲ့ အနီးရှိ ကျောက်ပတ်တီးစည်းနေတဲ့ အသက် တစ်နှစ်နဲ့နှစ်လအရွယ်ရှိ ကလေးငယ်
လေး၏မိခင်အား ဘာကြောင့်အခုမှ ဆေးခန်းကို ရောက်လာရသလို့ မေးမြန်း တော့ မိခင်ဖြစ်သူက
ကလေးကငယ်သေး တယ်ဆိုပြီး တိုက်နယ်ဆရာဝန်က တစ်နှစ်နဲ့ နှစ်လမှသွားဆိုပြီး လွှတ်လို့လာ
ခဲ့ရပါတယ်လို့ ပြန်ဖြေပါတယ်။
ကလေးငိုသံများဖုံးလွှမ်းနေတဲ့ ဆေးခန်းလေးက တာဝန်ခံဆရာဝန်တွေက သူတို့ဆေးခန်းလေး ပိုပြီး
ကလေးငိုသံ တွေနဲ့ စည်စည်ဝေေ၀ဖြစ်သွားဖို့ ကလေးငယ်လေးတွေ အများကြီးလာဖို့ မျှော်လင့်
လျက် ရှိနေပါတယ်လို့ ဆိုပါတယ်။
ယခင်နှစ်က ခြေထောက်အချောင်း ၈၀ ကျော်နှင့် ဒီနှစ်မှာလည်း ၅၀ လောက် ပြုပြင်ပေးခဲ့ပါပြီ။
ဆေးခန်းကလေးမှာ ဒီထက်အများကြီးလုပ်ပေးနိုင်ဖို့ ပြင်လည်း ပြင်ဆင်ထားပါကြောင်း ဒေါက်တာ
စိုးစံက ရှင်းပြပါတယ်။
"ကျွန်တော်တို့က လာပြတဲ့လူနာတွေ ကို စစ်တမ်းလုပ်ပြီး မေးမြန်းတဲ့အခါ လူနာအများစုကတော့
အချင်းချင်း သတင်းပေးလို့လာပြကြတဲ့လူနာတွေက ပိုတွေ့ရပါတယ်" လို့ ဒေါက်တာစိုးစံက
ဆိုပါတယ်။
"ဆရာဝန်မတွေက သမီးလေး ခြေထောက်ကို တွေ့တော့ ဘာမှမဖြစ်ပါဘူး။ အခုဆိုရင် ဆေးပညာ
တွေ တိုးတက်လာပြီ။ ကုလို့ရမှာပါလို့ အားပေးကြပေ ပေမယ့် အရမ်းကိုစိုးရိမ်ခဲ့ရ၊ စိတ်ညစ်ရတာ
ပေါ့။ ဒါပေမယ့်စုံစမ်းရင်းနဲ့ သူငယ်ချင်းတစ်ယောက်ရဲ့အမေလမ်းညွှန်ပေးခဲ့တဲ့ ကလေးဆေးရုံကြီး
ကို ရောက်လာခဲ့တာပါ"လို့ မမိုမိုအေးက ပြောပါတယ်။
မမိုမိုအေးက ဒါဟာ သူမအတွက် ပထမဆုံးအကြိမ်လာတာ မဟုတ် ကြောင်းနဲ့ သမီးလေး ငါးလ
အရွယ်က တစ်ကြိမ် ကျောက်ပတ်တီးတစ်ကြိမ် စည်းခဲ့ဘူးပေမယ့် ကလေးကတစ်ညလုံး ငိုနေတာ
ကြောင့် မကြည့်ရက်လို့ ဆရာမကို တောင်းပန်ပြီး ပြန်ချွတ်ခိုင်းပြီးမှ အခု နောက်တစ်ကြိမ် ပြန်လာ
တာပါလို့ ဆိုပါတယ်။
"သမီးလေးက မွေးကတည်းက ချုချာတယ်လေ။ သူနေကောင်းအောင်စောင့် ပြီးတော့မှ ပြန်လာ
စည်းတာပါ" လို့ ပြောရင်းနဲ့ အသံတွေတိမ်ဝင်သွားပါတယ်။
ပြီးတော့မှ သူက အားတင်းတဲ့လေသံ နဲ့ "သမီးလေး ကိုယ်ဝန်ရှိစတုန်းက မသိဘဲ ဗမာဆေး
သွေးပေါ်ဆေးတွေ အများကြီးကို သောက်ခဲ့မိပါတယ်။ နောက်ပိုင်းမှ အပူတွေ အပေါ်ကို ပြန်ကန်ပြီး
သုံးရက်လောက်ခံစားခဲ့ရပြီးမှ သမီးလေး ကိုယ်ဝန်ရှိမှန်းသိခဲ့ရတယ်။ ဒါကြောင့် သူ့ကိုမွေးတော့
မျက်လုံးမှာ တိမ်လေးနည်းနည်းပါပြီး၊ ခြေခွင်တာ လေးပါလာခဲ့ပါတယ်" ဆိုပြီး မျက်ရည် တွေ ၀ိုင်း
လာခဲ့ပါတယ်။
"ဒါကြောင့် အစ်မတို့ ဒီဆေးခန်းကို သမီးလေးပြန်ကောင်းလာဖို့ မျှော်လင့်ချက်အပြည့်နဲ့ လာခဲ့တာ
ပါ။ ကိုယ်မျှော် လင့်တာလည်း သမီးလေးပြန်ကောင်းလာဖို့ပဲ" လို့ ပြောရင်း မျက်ရည်များကို
မျက်တောင်များနဲ့ ပုတ်ခတ်သိမ်းဆည်း ပြီး မကျအောင် ထိန်းသိမ်းလိုက်ပါတယ်။

ရွှေရည်စောမြင့်
The Myanmar Times

No comments:

Post a Comment