Friday, November 2, 2012

အောင်ပွဲခံမယ့်သူက အိုဘားမားလား၊ ရွမ်းနေလား

လေးနှစ်တစ်ကြိမ် ကျင်းပသော အမေရိကန်သမ္မတ ရွေးကောက်ပွဲများ ချဉ်းကပ်လာလေပြီ။ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၆ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ၌ ဒီမိုကရက်တစ်ပါတီကိုယ်စားပြု လက်ရှိသမ္မတ ဘားရက်အိုဘားမား အောင်ပွဲခံသွားလေမလား (သို့မဟုတ်) ရီပက်ဘလေကန်ပါတီကိုယ်စားပြု စိန်ခေါ်သူ မစ်ရွမ်းနေကပဲ အောင်ပွဲခံသွားမည်လား ဆိုသည်ကို တပ်အပ်မပြောနိုင်သော အခြေအနေပင်ဖြစ်သည်။ စစ်တမ်းများအရလည်း ပြတ်ပြတ်သားသား အနေအထားကို မတွေ့ရ။ သို့ဖြင့် သမ္မတလောင်းများအတွက် မဲရရှိနိုင်သော အကြောင်းအရာများကို ခွဲခြမ်းလေ့လာကြည့်မိသည်။
စကားစစ်ထိုးပွဲများ(Debates)
အမေရိကန်သမ္မတ
ရွေးကောက်ပွဲ၏ အစဉ်အလာအတိုင်း ပါတီကိုယ်စားပြု ကိုယ်စားလှယ်နှစ်ဦးသည် သုံးချီ၊ သုံးလား စကားစစ်ထိုးပွဲများကို မတူညီသော အရပ်ဌာန၊ မတူညီသော နေရာတွင် ငြင်းခုံဆွေးနွေးခဲ့ကြသည်။ အောက်တိုဘာ ၃ ရက်က ပြုလုပ်ခဲ့သော ပထမအကြိမ် စကားစစ်ထိုးပွဲအား အမေရိကန်နိုင်ငံသား ၆၇ သန်းက ကြည့်ရှုခဲ့ပြီး ၃၂ နှစ်အတွင်း လူကြည့်အများဆုံး စကားစစ်ထိုးပွဲဖြစ်ခဲ့သည်။ ယင်းစကားစစ်ထိုးပွဲတွင် သမ္မတအိုဘားမားသည် စကားစစ်ထိုးပွဲ၌ အာရုံအပြည့်အ၀မရှိဘဲ တစ်ခါတစ်ရံသာ ၎င်း၏ပြိုင်ဘက်အား တိုက်ရိုက်စကားပြောနေပုံ ပေါ်ခဲ့သည်။ လူထုစစ်တမ်းများအရလည်း ပထမအကြိမ် စကားစစ်ထိုးပွဲတွင် မစ်ရွမ်းနေက အသာစီးရခဲ့သည်ဟု ပေါ်ထွက်ခဲ့သည်။
အောက်တိုဘာ ၁၁ ရက်တွင် ဒုတိယသမ္မတနေရာ ပြိုင်ဘက်နှစ်ဦးဖြစ်သော ဂျိုးဘစ်ဒန်နှင့် ကွန်ဂရက်အမတ် ပေါလ်ရိုင်ယန်တို့အကြား တစ်ကြိမ်တည်းသော စကားစစ်ထိုးပွဲ၌ လက်ရှိ ဒုသမ္မတမစ္စတာဂျိုးဘစ်ဒန်က အသာရခဲ့သည်ဟု စစ်တမ်းများက တွေ့ရှိခဲ့သည်။
ပြည်တွင်းရေးရာကိစ္စများ အဓိကထား ဆွေးနွေးခဲ့သော အောက်တိုဘာ ၁၆ ရက် ဒုတိယအကြိမ် စကားစစ်ထိုးပွဲ၌ အခွန်ကောက်ခြင်း၊ အလုပ်အကိုင်ဖန်တီးခြင်း၊ နိုင်ငံတော်ကြွေးမြီ၊ စွမ်းအင်ကိစ္စ အစရှိသော အကြောင်းအရာများပါဝင်ခဲ့ပြီး သမ္မတအိုဘားမားက လူထုစစ်တမ်းများ၌ ရှေ့ရောက်လာသည်။ သို့သော် ပထမအကြိမ် စကားစစ်ထိုးပွဲအပြီး မစ်ရွမ်းနေ အသာစီးရသလောက်တော့ ရာခိုင်နှုန်းမများခဲ့။
သမ္မတအိုဘားမားနှင့် မစ်ရွမ်းနေတို့၏ တတိယနှင့် နောက်ဆုံးအကြိမ် စကားစစ်ထိုးပွဲကို အောက်တိုဘာ ၂၂ ရက်က ဖလော်ရီဒါပြည်နယ် Lynn တက္ကသိုလ်တွင် ကျင်းပခဲ့သည်။ လတ်တလော နိုင်ငံတကာအကြောင်းအရာများကို အဓိကထားဆွေးနွေးခဲ့ကြပြီး စစ်တမ်းကောက်ယူခဲ့ရာ လူထုသဘောထားမှာလည်း ကွဲပြားနေခဲ့သည်။ သို့သော် အများစုက အိုဘားမား အနိုင်ရရှိသည်ဟု ယူဆခဲ့ကြသည်။
လူထုစစ်တမ်းများ(Polls)
ရွေးကောက်ပွဲမတိုင်မီ မည်သူ့ကို မဲပေးမည်နည်း။ မည်သူ့ကို သဘောကျသနည်း။ မည်သူက အကြောင်းအရာများကို ပိုင်ပိုင်နိုင်နိုင် ဆွေးနွေးနိုင်သနည်း စသောအကြောင်းအရာများနှင့် ပတ်သက်၍ လူထုသဘောထားကို သိရှိနိုင်ရန် သတင်းဌာနများ၊ သတင်းစာများနှင့် လူထုစစ်တမ်း ကောက်ယူသော အေဂျင်စီများက စစ်တမ်းအမျိုးမျိုး ကောက်ယူခဲ့ရာ အမေရိကန်လူထု၏ သဘောထားမှာ တစ်ချိန်နှင့်တစ်ချိန် မတူညီခဲ့ပေ။ ရိုက်တာသတင်းဌာနက ကောက်ယူခဲ့သော သဘောထားစစ်တမ်းများ၌ သမ္မတအိုဘားမားက အမြဲတမ်းလိုလို မစ်ရွမ်းနေအပေါ် အသာစီးရခဲ့သော်လည်း ယခုနောက်ဆုံး စကားစစ်ထိုးပွဲအပြီး မစ်ရွမ်းနေမှာ အိုဘားမားနှင့် ပခုံးချင်းယှဉ်လာသည်ကို တွေ့ရသည်။ စီအင်န်အင်န်သတင်းဌာနမှ စစ်တမ်းများကို စုစည်း၍ ကောက်ယူထားသော စစ်တမ်း၌ အိုဘားမားက ၄၇ ရာခိုင်နှုန်းနှင့် မစ်ရွမ်းနေက ၄၇ ရာခိုင်နှုန်း ဆတူဖြစ်နေသည်ကို တွေ့ရသည်။ ဘီဘီစီသတင်းဌာန၏ အလားတူစစ်တမ်းတွင်မူ မစ်ရွန်းနေက ၄၉ ရာခိုင်နှုန်း၊ အိုဘားမားက ၄၇ ရာခိုင်နှုန်းဟု မစ်ရွမ်းနေက နှာတစ်ဖျားသာနေသည်ကို တွေ့ရသည်။
ယိမ်းကနေသော ပြည်နယ်များ(Swing States)
ပြည်နယ်ပေါင်း ၅၀ ဖြင့် ဖွဲ့စည်းထားသော အမေရိကန်ပြည်ထောင်စု၏ ပြည်နယ်အများစုသည် များသောအားဖြင့် ၎င်းတို့ ထောက်ခံနေကျ ပြည်နယ်များကို မဲပေးလေ့ရှိကြသည်။ သို့သော် ယင်းတို့ထဲမှ ပြည်နယ်အချို့မှာ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမထားဘဲ မဲပေးလေ့ရှိရာ ၎င်းပြည်နယ်များမှာ ယခုကဲ့သို့ သဘောထားမပြတ်သားသော ရွေးကောက်ပွဲများ၌ ယှဉ်ပြိုင်သူများအတွက် do or die ဆုံးဖြတ်ပေးနိုင်သော ပြည်နယ်များဖြစ်လာသည်။
လူဦးရေ အနည်းအများပေါ်မူတည်၍ ပြည်နယ်များအတွက် electoral college votes အရေအတွက် မတူညီဘဲရှိရာ ယင်းပြည်နယ်များမှာ သမ္မတလောင်းများအတွက် အနိုင်ရရန် အရေးကြီးသော ပြည်နယ်များဖြစ်သည်။ ယခုနှစ် ရွေးကောက်ပွဲတွင်လည်း ယင်းသို့သော ပြည်နယ်ပေါင်း ၁၃ ပြည်နယ်ရှိနေသည်။ ရီပက်ဘလေကန်အမာခံ (သို့မဟုတ်) ဒီမိုကရက်တစ်အမာခံဟု မပြောနိုင်သော ပြည်နယ်များတွင် ဖလော်ရီဒါ၊ အိုဟိုင်းယိုး၊ မီချီဂန်၊ ဗာဂျီးနီးယား၊ ပင်ဆယ်ဗေးနီးယား စသော ပြည်နယ်ကြီးများ ပါဝင်နေသည်။
နောက်ဆုံးတွန်းအားပေးမှု(Final Push)
နောက်ဆုံးစကားစစ်ထိုးပွဲအပြီးတွင် မဆိုသလောက် အသာစီးရရှိခဲ့ကြောင်း စစ်တမ်းများက ပြဆိုခဲ့သော်လည်း သမ္မတအိုဘားမားသည် အရသာခံမနေနိုင်ဘဲ မဲဆွယ်ပွဲလမ်းကြောင်းပေါ် ပြန်ဆင်းရသည်။ အလားတူ ပြိုင်ဘက်မစ်ရွမ်းနေကလည်း သဘောထားမပြတ်သားသော ပြည်နယ်များသို့ ထပ်မံသွားရောက် မဲဆွယ်သည်။ မစ္စတာအိုဘားမားက အိုင်အိုဝါနှင့် အိုဟိုင်းယိုးပြည်နယ်များ၌ သွားရောက်မဲဆွယ်စဉ်မှာပင် မက်ဆာချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ရွမ်းနေက ဗာဂျီးနီးယားပြည်နယ်သို့ သွားရောက်နေသည်။ အမျိုးသမီးမဲဆန္ဒရှင်များ၏ မဲများရရှိရေးအတွက်လည်း နှစ်ဦးစလုံးက ကြိုးစားနေကြသည်။
စောစောစီးစီး မဲပေးကြပြီ (Early Voting)
သမ္မတအိုဘားမားသည် အောက်တိုဘာ ၂၅ ရက်ကပင် ရွေးကောက်ပွဲအတွက် မဲပေးခဲ့ပြီဖြစ်သည်။ ယင်းမှာ ဒုတိယအကြိမ် ထပ်မံရွေးကောက်ပွဲဝင်သူ လက်ရှိသမ္မတတစ်ဦး ပထမဆုံးအကြိမ် စောစောစီးစီး မဲပေးခြင်းဖြစ်ပြီး အခြားသူများကိုလည်း စောစောစီးစီးမဲပေးရန် အချက်ပြလိုက်ခြင်းလည်း ဖြစ်သည်။
သမ္မတအိုဘားမားတစ်ယောက် ဖောင်များတွင် လက်မှတ်ထိုး၍ ၎င်း၏ယာဉ်မောင်းလိုင်စင်ကိုပြသပြီးမှ ၎င်း၏မွေးရပ်မြေ ချီကာဂိုမြို့ရှိ South Side မဲရုံတွင် မဲပေးခွင့်ရခဲ့သည်။ “နိုင်ငံတစ်ဝန်းလုံးမှာပဲ စောစောစီးစီး မဲပေးကြတာ တွေ့ရတယ်။ တကယ်ကို အဆင်ပြေတယ်”ဟု သမ္မတအိုဘားမားက ပြောကြားရင်း “ဘယ်သူ့ကို မဲပေးလိုက်တယ်ဆိုတာတော့ မပြောနိုင်ဘူး”ဟု နောက်ပြောင်ပြောလိုက်ပါသေးသည်။
သမ္မတကဲ့သို့ပင် အမေရိကန်နိုင်ငံသား ၇ ဒသမ ၂ သန်းမှာလည်း ရွေးကောက်ပွဲအတွက် မဲပေးပြီးဖြစ်သည်။ အများအားဖြင့် သက်ကြီးရွယ်အိုများ၊ စစ်ဘက်တပ်ဖွဲ့ဝင်များနှင့် နိုင်ငံရပ်ခြား သွားရောက်အလုပ်လုပ်သူများသာ စောစောစီးစီး မဲပေးလေ့ရှိကြသော်လည်း ယခုရွေးကောက်ပွဲ၌ မဲဆန္ဒရှင် ၃၅ ရာခိုင်နှုန်းအထိ စောစီးစွာမဲပေးကြလိမ့်မည်ဟု မျှော်လင့်ရသည်။
စီးပွားရေးအခက်အခဲ၊ ဘဏ္ဍာရေးအကျပ်အတည်းနှင့် အလုပ်လက်မဲ့ပြဿနာများကြောင့် ဥရောပတွင် ခေါင်းဆောင်တစ်ဦးပြီးတစ်ဦး ပြုတ်ကျခဲ့ပြီး ခေါင်းဆောင်သစ်များ တက်လာခဲ့သည်ဖြစ်ရာ အမေရိကန်နိုင်ငံတွင်လည်း ယင်းပြဿနာများကြောင့် ခေါင်းဆောင်အပြောင်းအလဲ ဖြစ်လာမည်လားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။
—Ref: BBC/Reuters/Wikipedia

ကြည်နေ၀င်းမင်း
7Day News

No comments:

Post a Comment