တက္ကသိုလ်ဆရာ/ ဆရာမများ၏ အမြင်များအား စစ်တမ်းကောက်ယူခြင်းကို
စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း တက္ကသိုလ်ဆရာ၊ ဆရာမများအသင်း
(ရန်ကုန်တက္ကသိုလ်) မှ တာဝန်ရှိသူကပြောသည်။ မြန်မာနိုင်ငံ ပညာရေးအဆင့်အတန်း
မြှင့်တင်ရေးအတွက်
သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်အသီးသီး၌ နိုင်ငံအကျိုးပြု ခေတ်မီပညာရေးစနစ်
ဖော်ဆောင်ရာတွင် ရန်ကုန်တက္ကသိုလ် ဆရာ/ဆရာမများ အသင်းက တစ်တပ်တစ်အားပါဝင်ရန်
အစရှိသည့် ရည်ရွယ်ချက်များဖြင့် တက္ကသိုလ်ဆရာ/ဆရာမများအသင်းကို
ဖွဲ့စည်းခဲ့ပြီးနောက် အသင်း၏ လှုပ်ရှားမှုအနေဖြင့် အထက်ပါ အစီအစဉ်ကို စတင်
ဆောင်ရွက်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။ “ဆရာ/ဆရာမတွေရဲ့ ပညာရေးနဲ့ပတ်သက်ပြီး
လှုမှုရေးအခြေအနေအပေါ် အမြင်၊ တက္ကသိုလ်အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး
အမြင်ပညာသင်ကြားမှုနဲ့ ပတ်သက်ပြီး၊ အမြင်တွေကို အသင်းက
စစ်တမ်းကောက်တာဖြစ်ပါတယ်” ဟု အထက်ပါတာဝန်ရှိသူကပြောသည်။
လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းဆောင်တာများမှာ ဆရာ/ဆရာမများအတွက်
အထောက်အကူ ပြုမပြု စစ်တမ်းကောက်ခြင်းဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့
စစ်တမ်းကောက်ခြင်းကို ရန်ကုန်မြို့အတွင်းရှိ တက္ကသိုလ်ဆရာ/ ဆရာမများအသင်း
လေးသင်းစလုံးက ညှိနှိုင်းဆောင်ရွက်ပြီး အကောင်အထည် ဖော်နေခြင်းဖြစ်ကြောင်း
သိရသည်။ “ရလာတဲ့ ရလဒ်တွေကို နိုင်ငံတော်ကို တင်ပြသွားမှာဖြစ်တယ်။
လွှတ်တော်မှာ ဆွေးနွေးခြင်းအားဖြင့်လည်း အကျိုးရလဒ်ကောင်းတွေ ရလာနိုင်ပါတယ်”
ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။ အဆိုပါ တက္ကသိုလ်
ဆရာ/ဆရာမများအသင်းအနေဖြင့် ၎င်းဆောင်ရွက်ချက်ကို မန္တလေးမြို့ရှိ တက္ကသိုလ်
ဆရာ/ဆရာမများအသင်းနှင့်လည်း ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလုပ်သမားအဖွဲ့အစည်းဥပဒေ (၂၀၁၁ ခုနှစ်)
ပါပုဒ်မ ၄ (က) နှင့်အညီ ဆရာ/ဆရာမများ၏ လွတ်လပ်သော သဘောဆန္ဒအလျောက်
တက္ကသိုလ်ဆရာ၊ ဆရာမများအသင်း ရန်ကုန်တက္ကသိုလ်ကို သြဂုတ်လအတွင်းက
စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း အခြားမြို့ရှိ
တက္ကသိုလ်ဆရာ/ဆရာမများအသင်းကိုလည်း ကွန်ရက်ချိတ်ဆက် ဖွဲ့စည်းလျက်ရှိကြောင်း
သိရသည်။ ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဘဝ
တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ထိရောက်စွာ ဆောင်ရွက်ပေးရန် တက္ကသိုလ်
ဆရာ၊ ဆရာမများ၏ လှုမှုရေး၊ တိုင်းရင်းသားစာပေနှင့်
ယဉ်ကျေးမှုဆိုင်ရာကဏ္ဍများတွင် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးရန် အစရှိသည့်
ရည်ရွယ်ချက်များ ပါဝင်သည်။
ထွန်းထွန်း
Internet Journal
No comments:
Post a Comment