Saturday, November 3, 2012

မြန်မာနိုင်ငံသို့ ဖွံ့ဖြိုးရေး အကူအညီသစ် အဖြစ် အမေရိကန်ဒေါ်လာသန်း ၁၀၀ ကျော် ဥရောပသမဂ္ဂ ထောက်ပံ့

ဥရောပသမဂ္ဂက မြန်မာနိုင်ငံ သို့ ဖွံ့ဖြိုးရေး အကူအညီသစ်အဖြစ် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ကို ကမ်းလှမ်းခဲ့ကြောင်း ဘီဘီစီ သတင်းဌာန၏ နိုဝင်ဘာလ ၃ ရက် သတင်းတစ်ပုဒ်၌ ဖော်ပြထားသည်။
ဥရောပကော်မရှင် ဥက္ကဋ္ဌ Jose Manuel Barroso သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နိုဝင် ဘာလ ၃ ရက်တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံရာတွင် ဥရောပသမဂ္ဂ အနေဖြင့် မြန်မာနိုင်ငံနှင့် ပိုမိုနီးကပ် နက်ရှိုင်းသည့် ဆက်ဆံရေးအဆင့်သို့ တိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုအပေါ် ဥရောပသမဂ္ဂ အနေဖြင့်အပြည့်အ၀ ထောက်ခံပြီး နောက်ဆက်တွဲ ပြန်လည်ထူထောင်ရေး
လုပ်ငန်းများတွင် ပိုမိုထောက်ပံ့ ကူညီသွားရေး၊ စီးပွားရေးဖွံ့ဖြိုးမှု အသီးအပွင့်များကို မြန်မာပြည်သူများ အမြန်ဆုံးခံစားနိုင်စေရန်အတွက် ကုန်သွယ်မှု အထူးအခွင့်အရေးပေးသော စနစ်အမြန်ဆုံး ရရှိစေရေး၊ ပညာရေး၊ ကျန်းမာရေး၊ ၀န်ထမ်းစွမ်းရည် မြင့်မားရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လူနေမှု ဘ၀မြင့်မားရေး ကိစ္စရပ်များတွင် ဥရောပသမဂ္ဂမှ ပိုမိုထောက်ပံ့ ကူညီပေးရေး၊ မြန်မာနိုင်ငံ၏ထုတ်ကုန်များကို ဥရောပသမဂ္ဂ၏ စံချိန်စံညွှန်းများနှင့် ညီညွတ်စေရန် အတွက် အတွေ့အကြုံ၊ နည်းပညာ ပံ့ပိုးပေးရေးနှင့် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးရေး၊ မြန်မာနိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေနိုင်သော ရခိုင်ပြည်နယ်အတွင်းမှ ဖြစ်စဉ်များအမြန်ဆုံး ချုပ်ငြိမ်းစေရေးအတွက် လိုအပ်သော အကူအညီများ ထောက်ပံ့ပေးရေး၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားရှိပြီးဖြစ်သည့် ဥရောပသမဂ္ဂရုံးတွင် သံအမတ်ကြီးအဆင့် တိုးမြှင့်ထားရှိရေးနှင့် မှန်ကန်သော လမ်းကြောင်းပေါ်တွင် မှန်ကန်သော ဆုံးဖြတ်ချက်နှင့် အနာဂတ်သမိုင်းသစ် ရေးထိုးနေသော မြန်မာနိုင်ငံ၏ လုပ်ငန်းစဉ်များအပေါ် ဥရောပသမဂ္ဂက အပြည့်အ၀ထောက်ခံ အားပေးသွားရေး ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတော် သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ဥရောပကော်မရှင် ဥက္ကဋ္ဌ Jose Manuel Barroso သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း နေပြည်တော်၌ အဆိုပါနေ့ တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

Eleven Media Group

No comments:

Post a Comment