Friday, November 2, 2012

တနင်္သာရီဒေသ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ထားဝယ်နှင့် မြိတ်မြို့နယ်တွင် ပြုလုပ်သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှရသော ရလာဒ်ပေါ်မူတည်၍ တနင်္သာရီတိုင်းဒေသကြီး၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် မည်သည့်လုပ်ငန်းဆောင်ရွက်မည်ကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း (BANCA)ဥက္ကဋ္ဌ ဒေါက်တာထင်လှကပြောကြားသည်။
“ဘယ်လိုလုပ်မယ်လို့တော့ ပြောလို့မရသေးဘူး။ ပထမဆုံးအကြိမ်လည်းဖြစ်တော့ ဘယ်ထိန်းသိမ်းရေးကို ဘယ်လိုလုပ်မယ် ဘယ်လောက်ထိလုပ်မယ်ဆိုတာတော့ အခု မြို့နှစ်မြို့မှာ လုပ်တဲ့ပွဲကိုကြည့်ပြီး ဆုံးဖြတ်ရမယ်”ဟု ၎င်းကပြောကြားသည်။
တနင်္သာရီတိုင်းဒေသကြီးတွင်
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အလုပ်ရုံဆွေးနွေးပွဲကို ထားဝယ်နှင့် မြိတ်မြို့နှစ်မြို့တွင် အောက်တိုဘာ ၂၆ နှင့် ၂၇ ရက်များက ကျင်းပပြုလုပ်ခဲ့သည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲများတွင် ဒေသခံထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အဖွဲ့ငယ်များ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့၊ သစ်တောဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန အပါအ၀င် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များ ပါဝင်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီးတွင် သဘာဝသယံဇာတအခြေခံ ခဲမဖြူနှင့် အဖြိုက်နက် သတ္တုတူးဖော်ရေးလုပ်ငန်းများ၊ သစ်ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ အလွန်အကျွံငါးဖမ်းဆီးခြင်းလုပ်ငန်းများ၊ ဂက်စ်ပိုက်လိုင်းများ ဖြတ်သန်းသည့်လုပ်ငန်းများ စသည့်လုပ်ငန်းများတွင် သဘာဝပတ်ဝန်းကျင်
ထိခိုက်မှုများ အနည်းနှင့်အများ ခံစားရကြောင်း ထားဝယ်မြို့နယ်နှင့် မြိတ်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားသူအချို့က သုံးသပ်ပြောကြားသည်။
“တနင်္သာရီတိုင်းက ရေရော၊ ကုန်းရော သယံဇာတတွေစုံတော့ ကျွန်တော်တို့ နယ်ခံတွေလိုတာက ပတ်ဝန်းကျင်အခြေခံ ခရီးသွားလုပ်ငန်းမျိုးတွေကို ကြိုက်တယ်။ သဘာဝပတ်ဝန်းကျင် မထိခိုက်တဲ့လုပ်ငန်းပေါ့”ဟု ထားဝယ်မြို့ခံ ဦးသန်းဝင်းကပြောသည်။
လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီး၌ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ရေနံဓာတုအခြေခံ စက်မှုဇုန်လို စက်မှုလုပ်ငန်းများ၊ မကြာသေးမီက ခွင့်ပြုလိုက်သည့် ကျောက်မီးသွေးစက်ရုံသုံးခုတို့အပေါ် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများ ဖြစ်ပေါ်နိုင်ခြင်းနှင့် လူမှုစီးပွားထိခိုက်နိုင်ခြင်းတို့ကြောင့်
ဒေသခံအချို့က ဝေဖန်ကန့်ကွက်နေကြသည်။

No comments:

Post a Comment