ရန်ကုန်မြို့တွင် လူအများရှေ့၌ပင် အုပ်စုဖွဲ့၍ လူသတ်မှု၊
ရိုက်နှက်မှုများ မကြာခဏဖြစ်ပွားလာခြင်းကို တွေ့ရကြောင်း
မြို့နေပြည်သူများနှင့် ဥပဒေနယ်ပယ်မှ ပုဂ္ဂိုလ်များကပြောကြားသည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလက ပုဇွန်တောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော
မြို့လယ်ခေါင်၌ ရုပ်ရှင်ဆန်ဆန် လူသတ်မှုမှစ၍ နာမည်ကြီးပြီး ဆန်းပြားသော
လူသတ်မှုများ၊ ရိုက်နှက်မှုများ ထပ်မံဖြစ်ပွားလာခြင်းဖြစ်သည်။
ပုဇွန်တောင်မြို့နယ်တွင် ကားပေါ်မှလူက ကားအပြင်မှလူကို လည်ပင်းညှစ်လျက်သား
အနေအထားဖြင့် ကတ္တရာလမ်းတစ်လျှောက်
ကားနှင့်တရွတ်တိုက်ပါသွားကာ သေစေခဲ့သော
ရုပ်ရှင်ဒါရိုက်တာတစ်ဦး၏အမှုနှင့် မရှေးမနှောင်းပင်
မြောက်ဥက္ကလာပမြို့နယ်အတွင်း၌ လူအများထိုင်နေသော စားသောက်ဆိုင်အတွင်းသို့
ကားသုံးစီးဖြင့် ရောက်ရှိလာသူများက ဆိုင်အတွင်းထိုင်နေသူကို
ဓားများဖြင့်ခုတ်ကာ သတ်ဖြတ်မှုဖြစ်ပွားခဲ့သည်။
အင်းလျားကန်ပေါင်ပေါ်ရှိ တာဝန်ကျလုံခြုံရေးဝန်ထမ်းနှင့်
ဆိုင်ခန်းများကို ဆိုင်ကယ်များနှင့် ရောက်လာသူ ၁၄ ဦးက ဓားဖြင့်ထိုး၊
တုတ်များဖြင့် ရိုက်နှက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ ယခုနောက်ဆုံး
အောက်တိုဘာ၂၃ ရက်ညတွင် လမ်းလျှောက်သီချင်းဆိုလာသူအား ပြိုင်ကားပေါ်မှလူများက
၎င်းတို့ကို စောင်းမြောင်းဆိုသည်ဟုဆိုကာ ရေအိုးဖြင့်
ခေါင်းကိုရိုက်ခွဲသတ်မှုသည်လည်း လူများသွားလာနေရာ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ
နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့တွင် ဖြစ်ပွားခဲ့သည်။
ယခုကဲ့သို့ လူအများရှေ့တွင် ရက်စက်စွာပြစ်မှုကျူးလွန်မှုများ မကြာခဏ
ခပ်စိပ်စိပ်ဖြစ်ပွားလာခြင်းသည် ငြိမ်ဝပ်ပိပြားမှုမရှိခြင်းနှင့်
တရားဥပဒေစိုးမိုးမှုမရှိခြင်းတို့၏ အကျိုးဆက်ဖြစ်သည်ဟု
တရားလွှတ်တော်ရှေ့နေဦးကိုနီကဆိုသည်။ ပြစ်မှုဖြစ်ပွားခြင်းသည်
တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ယူရသော လုံခြုံရေးရဲတပ်ဖွဲ့တွင်
တာဝန်ရှိသကဲ့သို့ တရားရုံးများကလည်း ပြစ်မှုကျူးလွန်ခြင်းများကို
ထိရောက်စွာဟန့်တားနိုင်သည့် ပြစ်ဒဏ်များ ချမှတ်နိုင်ရန် လိုအပ်သည်ဟု
ဦးကိုနီကပြောကြားသည်။
ခေတ်အရ ပြောင်းလဲပေါ်ပေါက်လာသည့် နိုက်ကလပ်များ၊
ရာသီပေါ်ပွဲလမ်းသဘင်များတွင် လူငယ်များစုရုံးလာခြင်း၊
မူးယစ်ရမ်းကားခြင်းတို့မှာ ဖြစ်လေ့ဖြစ်ထရှိသော်လည်း လုံခြုံရေးအရ
ညအချိန်တွင် သတ်မှတ်ထားသည့် ဥပဒေများကို သက်ဆိုင်ရာက ထိထိရောက်ရောက်
အရေးယူဆောင်ရွက်မှု အားနည်းနေကြောင်း ရှေ့နေဦးအောင်သန်းစိုးကပြောသည်။
“ထုတ်ထားတဲ့အမိန့်တွေကို သက်ဆိုင်ရာက ထိထိရောက်ရောက်
ဆောင်ရွက်ဖို့လိုတယ်”ဟု ၎င်းကပြောသည်။
ပြစ်မှုဆိုင်ရာဥပဒေတွင် လူသတ်မှုကျူးလွန်သူကို အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့်
သေဒဏ်ထိ ချမှတ်နိုင်သော်လည်း အနိမ့်ဆုံးပြစ်ဒဏ်ဟူ၍ သတ်မှတ်ထားခြင်းမရှိဘဲ
မှုခင်းဖြစ်ပွားသည့် အခြေအနေကိုလိုက်၍ တရားသူကြီး၏ ဆင်ခြင်ဉာဏ်ဖြင့်သာ
ပြစ်ဒဏ်ချမှတ်ရခြင်းဖြစ်ကြောင်း သိရသည်။
ယခုနောက်ပိုင်းတွင် ဖြစ်ပွားသည့် ပြစ်မှုများသည် ကြိုတင်ကြံစည်မှုက
နည်းပါးပြီး လူငယ်အချင်းချင်းဖြစ်ပွားသော ပြဿနာများမှ
ရိုက်ကြနှက်ကြသည်သာရှိကြောင်း၊ သို့သော် အုပ်စုဖွဲ့ရမ်းကားမှုများတွင်
လူသေဆုံးပါက ထောင်ဒဏ် နှစ်၂၀ မှ တစ်သက်တစ်ကျွန်းထိ ချနိုင်ကြောင်း
အလုံမြို့နယ်မှ အငြိမ်းစားတရားသူကြီးတစ်ဦးကပြောသည်။
ပြစ်မှုများတွင် အဖွဲ့လိုက်ကျူးလွန်မှုများ များပြားလာခြင်းနှင့် ပတ်သက်၍
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လက်ရှိ တာဝန်ထမ်းဆောင်နေသူ ရဲအုပ်တစ်ဦးက
“အုပ်စုဖွဲ့ ကျူးလွန်တဲ့ မှုခင်းတွေက အမျိုးမျိုးရှိတတ်တယ်။ တချို့ကလည်း
ဂိုဏ်းဖွဲ့မျိုးမဟုတ်ပေမယ့် ပိုက်ဆံရှိတယ်။ ခိုင်းသမျှလုပ်ပေးမယ့်
တပည့်တပန်းတွေရှိတယ်။ ဒီတော့ တပည့်တွေကို
ငါ့အစားသွားလုပ်ပေးဆိုတာမျိုးပေါ့။ ပြီးရင် ပိုက်ဆံပေးတယ်။ အဲဒီလို
ပိုက်ဆံယူပြီး တမင်လုပ်စားတာမျိုးကတော့ နည်းပါတယ်။ အဲဒီအခါမှာလည်း
သူတို့လုပ်တဲ့ပြစ်မှုအလိုက်ပဲ အရေးယူပါတယ်။ နာကျင်စေမှုဆိုရင် နာကျင်စေမှု၊
လူသတ်မှုဆိုရင် လူသတ်မှုအတိုင်းပါ”ဟု ပြောသည်။
သို့သော် အခကြေးငွေယူ၍ ပြစ်မှုကျူးလွန်ခဲ့ဖူးသူတစ်ဦးက အောက်ပါအတိုင်းပြောသည်။
“တချို့အုပ်စုဖွဲ့ရိုက်နှက်မှုတွေမှာဆို ရိုက်ရုံပဲ။
ဒါပေမဲ့ရိုက်ရင်းနဲ့ လက်လွန်သွားတာမျိုးတွေရှိတယ်။ အဲဒီတော့ အစပါ
ဖျောက်ပစ်ရတယ်။ အမှုကပိုကြီးသွားတာပေါ့။ အထူးသဖြင့်
ကိုယ်နဲ့မဆိုင်တဲ့ပြဿနာတွေကို ပတ်သက်ရာပတ်သက်ကြောင်းကို
ဝင်ရောက်ဖြေရှင်းပေးရတာများတယ်”ဟု ၂၀၁၂ ခုနှစ်က
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသော ရင်းနှီးသူများက
ခိုင်းပါက၊ အဆက်အသွယ်ဖြင့် ငွေပေး၍ တာဝန်ပေးပါက လူသတ်၊
ရိုက်နှက်သောပြစ်မှုများ ကျူးလွန်ခဲ့ဖူးသူတစ်ဦးကပြောသည်။
တရားရုံးများတွင် ပြစ်ဒဏ်ချမှတ်ရာတွင်လည်း ဖြစ်ရပ်တစ်ခုနှင့်တစ်ခုအပေါ်
ပြစ်ဒဏ်ချမှတ်မှု မတူညီသည်မှာ တရားသူကြီးက လာဘ်ယူ၍
ဆုံးဖြတ်ရခြင်းမျိုးမဟုတ်ဘဲ ဒေါသအလျောက်ဖြစ်သည့်ပြစ်မှု၊
မတော်တဆကျူးလွန်မိသည့်ပြစ်မှု၊ ပြစ်မှုကျူးလွန်သူ၏ အခြေအနေ စသည်တို့နှင့်
သက်ဆိုင်၍ တရားသူကြီးက ဆုံးဖြတ်ရခြင်းမျိုးသာဖြစ်ကြောင်းလည်း သတင်းရရှိသည်။
နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့တွင် ဖြစ်ပွားခဲ့သော လူသတ်မှု၌
အမျိုးသမီးတစ်ဦး အပါအ၀င် လူငယ်ကိုးဦးက အရက်သေစာသောက်စားထား၍
ရန်စမှုကြောင့်သာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည့်အတွက် ညဘက်အပြင်ထွက်လေ့ရှိသော
ယောက်ျားလေးများအတွက်လည်း စိုးရိမ်ပူပန်စရာများရှိလာသည်။ “အခုဆိုရင်
ကိုယ်ကပြဿနာစမရှာရင်တောင် အုပ်စုလိုက်ရန်စလာရင် ဘာမှမတတ်နိုင်ဘူး။
ဒါကြောင့် ညဘက်ဘောလုံးပွဲသွားကြည့်တာမျိုးတောင် သတိထားရတယ်”ဟု
အမျိုးသားတစ်ဦးကပြောသည်။
အုပ်စုဖွဲ့ရမ်းကား လူသတ်မှုဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည့်
မြောက်ဥက္ကလာပလူသတ်မှုတွင် ပြစ်မှုကျူးလွန်သူ ၂၀ ကျော်အနက် ၁၅ ယောက်အား
ဖမ်းဆီးထားနိုင်ခဲ့ပြီး၊ အောက်တိုဘာ ၂၃ ရက်က ဖြစ်ပွားခဲ့သော
နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့၌ဖြစ်သော ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူ
ကိုးဦးစလုံးကို ဖမ်းဆီးနိုင်ခဲ့သည်ဟုဆိုသည်။ အောက်တိုဘာ ၁ ရက် ညက
အင်းလျားကန်ပေါင်တွင် ဖြစ်ပွားသော
ဆိုင်ကယ်စီးအုပ်စုဖွဲ့ရိုက်နှက်မှု ၁၄ ဦးတွင် သုံးဦးကိုသာ လက်ရဖမ်းဆီးရရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ
သတင်းရရှိသည်။
လူအများရှေ့တွင် ဖြစ်ပွားနေသော အမှုများသည် ကြိုတင်ကြံစည်မှုကြောင့်
ဖြစ်ပွားသည်ထက် မတော်တဆ ခိုက်ရန်ဖြစ်ပွားမှုမှ စတင်သည့် ပြစ်မှုမျိုးက
ပို၍များပြားသောကြောင့် လူငယ်များအနေဖြင့် အသွားအလာ၊ အပြောအဆိုကို
သတိထားနေရသော အခြေအနေဖြစ်နေကြောင်း ဥပဒေအကြံပေးတစ်ဦးကပြောသည်။
သို့ရာတွင် ထိုသို့ရာဇ၀တ်မှုများ ထူပြောလာခြင်း၊ သောင်းကျန်းမှုများ
ဖြစ်ပေါ်လာသည်တို့မှာ တရားဥပဒေစိုးမိုးရေးယန္တရား ကောင်းမွန်စွာ
မလည်ပတ်နိုင်ခြင်းကြောင့်သာဖြစ်ပြီး အဓိကတာဝန်ရှိသူများမှာ
ရဲတပ်ဖွဲ့ပင်ဖြစ်သည်ဟု ဦးကိုနီကပြောသည်။
7Day News
အိဖြူလွင်၊အေးမြတ်သူ၊မိုးညို

No comments:
Post a Comment