Thursday, November 1, 2012

လုံခြုံရေးကင်မရာများသုံးစွဲမှု ယခင်ကထက် နှစ်ဆခန့် မြင့်တက်လာ

လုံခြုံရေးကင်မရာများသုံးစွဲမှု ယခင်ကထက် နှစ်ဆခန့်မြင့်တက်လာကြောင်း ပြည်တွင်း အီလက်ရွန်နစ်ဈေးကွက်မှ စုံစမ်းသိရှိရသည်။ လုံခြုံရေးကင်မရာ ဈေးနှုန်းများမှာ ယခင်ကထက် ပိုမိုသက်သာလာခြင်း၊ တပ်ဆင်အသုံးပြုရခြင်းစရိတ် သက်သာလာခြင်းနှင့် ကွန်ပျူတာအစား တီဗီဖြင့် ချိတ်ဆက်အသုံးပြုလာနိုင်ခြင်းတို့ကြောင့် ဈေးကွက်တွင် အသုံးပြုမှု မြင့်တက်လာခြင်းဖြစ်သည်။

“အခုဆို CCTV ကင်မရာတွေ
အရမ်းဈေးကျလာတယ်။ ဈေးကျလာတဲ့နောက်ပိုင်းမှာ အရောင်းက အရင်ကထက် တက်လာတယ်။ ပြီးခဲ့တဲ့လနဲ့ ဒီလဆို အရောင်းက နှစ်ဆလောက်ကို တက်လာတယ်။ ဆိုင်ကနေ ၀ယ်တာတော့ ဆားဗစ်သမားတွေများတယ်။ သူတို့က တစ်ခါမှာရင်ကို အလုံး ၃၀၊ ၅၀ လောက်ကိုမှာကြတယ်။ ဆားဗစ်သမားတွေက နယ်ကများတယ်။ ရန်ကုန်က သုံးတဲ့သူတွေကတော့ ကိုယ်တိုင်လာဝယ်ကြတာ များတယ်။ သူတို့ကိုယ်တိုင် စမ်းသပ်စစ်ဆေးပြီး ၀ယ်ကြတာ။ သုံးတာကျတော့ ရန်ကုန်ရော နယ်ရောမှာပါ ပိုပြီးသုံးလာကြတယ်” ဟု Every Time အမှတ်တံဆိပ် CCTV ကင်မရာ မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်သော AGK Computer Shop မှ Office Manager မသန္တာကပြောသည်။ ပြည်တွင်းဈေးကွက်အတွင်း၌ တရုတ်ဘက်မှ တင်သွင်းရောင်းချသော CCTV များနှင့် ဆွီဒင်၊ မလေး၊ စင်ကာပူ၊ အိန္ဒိယစသည့် နိုင်ငံတကာတွင် နာမည်ကြီးကျော်ကြားလျက်ရှိသော Branded အမှတ်တံဆိပ် CCTV များလည်းရှိပြီး ဈေးနှုန်းအားဖြင့် များစွာကွာခြားမှုရှိကြောင်း သိရသည်။ ယခင်က CCTV ကင်မရာများကို Coaxi ကြိုးများဖြင့်သုံးရပြီး ကင်မရာနှင့် ကြိုးဈေးနှုန်းမှာ ကြီးမြင့်ခဲ့ရာ ယခုနောက်ပိုင်းတွင် ကင်မရာဈေးနှုန်းမှာ သက်သာလာသလို ဖုန်းလိုင်းဆွဲသည့် 10 pairs ကြိုးဖြင့် အသုံးပြုလာနိုင်သည့်အတွက် ကြိုးဈေးနှုန်းမှာလည်း အရင်ကထက် များစွာသက်သာလာသောကြောင့် အသုံးပြုမှု ပိုမိုများပြားလာခြင်းဖြစ်ကြောင်း သိရသည်။ ယခင်ကထက် လုံခြုံရေးကင်မရာများကို ရန်ကုန်ရှိ စတိုးဆိုင်များ၊ ရွှေဆိုင်များ၊ ကုန်တိုက်များ၊ ကုန်စုံဆိုင်များ၊ ကားပါကင်များ၊ သင်တန်းကျောင်း စသည်တို့တွင် ပိုမိုအသုံးပြုလာပြီး နယ်မြို့များတွင်လည်း လုံခြုံရေးကင်မရာများကို ယခင်ကထက် ပိုမိုသုံးစွဲလာကြောင်း သိရသည်။ တရုတ်ဘက်မှ တင်သွင်းရောင်းချသည့် ဈေးနှုန်းသက်သာသော လုံခြုံရေးကင်မရာများကို ရန်ကုန်တွင် ပိုသုံးလာကြောင်းကို ဆားဗစ်ပညာရှင်တစ်ဦးက “ရန်ကုန်မှာ အရင်ကထက် သုံးလာတယ်။ ရွှေဆိုင်တွေ၊ စတိုးဆိုင်တွေမှာ သုံးလာကြတယ်။ တချို့သင်တန်းကျောင်းတွေလည်း သုံးတာမျိုးရှိတယ်။ အများအားဖြင့် ဈေးသက်သာပြီး ပေါပေါသုံးနိုင်တာမျိုးကို ပိုသုံးကြတာ။ ကင်မရာကလည်း ဈေးသက်သာတယ်။ သုံးရတဲ့ကြိုးကလည်း ဈေးသက်သာတယ်။ အရင်ဆို ကွန်ပျူတာနဲ့ချိတ်ပြီး သုံးရတာ။ အခုနောက်ပိုင်းမှာ တီဗီနဲ့ချိတ်ပြီး သုံးလိုက်ရင်ကို ရလာတယ်။ ကြိုးကိုလည်း ဖုန်းကြိုး၊ နက်ဝက်ခ်ကြိုးနဲ့ တီဗီကြိုးတွေသုံးပြီးကို လုံခြုံရေးကင်မရာတွေ ဆင်လို့ရလာတဲ့အတွက် အရောင်းဆိုင်တွေ တော်တော်များများမှာ သုံးလာကြတယ်” ဟု ၎င်း၏အမြင်ကိုပြောသည်။ “လုံခြုံရေးကင်မရာ တပ်ထားရတာက သင်တန်းသားတွေ သင်ခန်းစာတွေကို တကယ်စိတ်ပါဝင်စားစွာ သင်ယူမှုရှိမရှိ၊ ဆရာတွေကလည်း သင်ကြားမှုအပေါ်မှာ ဘယ်လောက်ထိ အာရုံစိုက်တယ်ဆိုတာမျိုးတွေသိရအောင် တပ်ထားတာပါ။ နောက်ပြီး သင်တန်းတက်တဲ့သူရဲ့ အရေအတွက်ကိုလည်း ဒီကနေကြည့်လို့ရတယ်။ ၀န်ထမ်းတွေရဲ့ အခြေအနေကိုရောပေါ့။ ကျောင်းသားတွေရဲ့ အခြေအနေကိုတော့ ကိုယ်က အခန်းထဲကနေကြည့်ပြီး လိုအပ်တဲ့ညွှန်ကြားမှုတွေ လုပ်နိုင်အောင်ပါ” ဟု လုံခြုံရေးကင်မရာ တပ်ဆင်အသုံးပြုထားသော ကွန်ပျူတာသင်ကျောင်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။ ဈေးကွက်အတွင်း၌ လုံခြုံရေးကင်မရာများကို Package အနေဖြင့် ဆားဗစ်ပေးရောင်းချသလို တစ်လုံးခြင်းအနေဖြင့်လည်း ရောင်းချလျက်ရှိပြီး တစ်လုံးခြင်းရဲ့ဈေးနှုန်းမှာ အနိမ့်ဆုံး ကျပ်နှစ်သောင်းကျော်ဝန်းကျင်မှ အမြင့်ဆုံး ကျပ်တစ်သိန်းကျော်အထိရှိကြောင်း သိရသည်။ လုံခြုံရေးကင်မရာများကို ယခင်ကထက် အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်ခြင်း၊ ဈေးနှုန်းသက်သာခြင်းနှင့် တွင်ကျယ်စွာ အသုံးပြုလာခြင်းတို့ကြောင့် ယခင်ကထက် သုံးစွဲမှုမြင့်တက်လာခြင်းဖြစ်ကြောင်း ဈေးကွက်မှစုံစမ်းသိရှိရသည်။

Internet Journal
သူရ

No comments:

Post a Comment