Wednesday, November 7, 2012

ကမ်းခြေဟိုတယ်အချို့ ဈေးမြင့်တက်

ခရီးသွားရာသီစတင်ချိန်တွင် ပြည်တွင်း ခရီးသွားအများဆုံး သွားရောက်သော ချောင်းသာကမ်းခြေအပါအ၀င် ကမ်းခြေဟိုတယ်အခန်းခများ   ယခင်နှစ်ကထက်  ပိုမိုမြင့်တက်လာကြောင်း သတင်းရရှိသည်။
ချောင်းသာကမ်းခြေရှိ အဆင့်မြင့်ဟိုတယ်များတွင် အောက်တိုဘာလ ၁ ရက်မှ စတင်၍ ဟိုတယ်အခန်းခများ မြင့်တက်သွားကြောင်း၊ အခန်းခများမှာ ယခင်နှစ်ကထက် ကျပ်ငါးထောင်မှ တစ်သောင်းကျော်အထိ မြင့်တက်သွားကြောင်း ပြည်တွင်းခရီးသွားအချို့ထံမှ သိရသည်။
ဟိုတယ်အခန်းခမြင့်တက်မှုကြောင့် ပွင့်လင်းရာသီတွင် အဆင့်မြင့်မြင့်ခရီးသွားမည့်ပြည်တွင်းခရီးသွားများ အခက်တွေ့နိုင်ပြီး ကုမ္ပဏီများမှ ၀န်ထမ်းများအတွက် စီစဉ်ပေးသည့်ခရီးစဉ်များလည်း ယခုနှစ်အတွက် အခက်ကြုံရနိုင်ကြောင်း သုံးသပ်ကြသည်။
“ဟိုတယ်အခန်းတွေက တစ်သောင်းခွဲ၊ နှစ်သောင်းလောက်ကို မြင့်သွားတာ။ SEA View အခန်းတွေဆို 
ပိုဆိုးတယ်။  ကျွန်တော်တို့က ချောင်းသာကို နှစ်တိုင်းသွားနေကျပါ။ အခန်းခကမြင့်သွားတော့  ၀န်ထမ်းတွေအတွက်  အခက်တွေ့တာပေါ့။ ဒီနှစ်တော့ ရွာထဲမှာပဲ တည်းလိုက်ရတယ်” ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောကြားသည်။
“ကျွန်မတို့ဟိုတယ်အနေနဲ့ ဈေးနှုန်းမတက်တာ သုံးနှစ်လောက်  ရှိပါပြီ။ အခု အောက်တိုဘာ ၁ ရက်ကစပြီး အခန်းခတွေကို ကျပ် ၅၀၀၀ ကနေ
၁၀၀၀၀ ၀န်းကျင် ဈေးနှုန်းမြှင့်လိုက်ပါတယ်။ ဈေးနှုန်းက တအားမတက်ပါဘူး။ ကျွန်မတို့အနေနဲ့ ကုန်ဈေးနှုန်းက အရင်နှစ်ကနဲ့ မတူတော့ဘူး။ ချောင်းသာဟိုတယ်ဇုန်မှာလည်း  အကုန်ဒီဈေးတွေပါပဲ” ဟု Hotel Max မှ Marketing Manager ဒေါ်အေးသက်ခိုင်က ပြောသည်။
၎င်းကပင်ဆက်လက်၍ ဟိုတယ်အခန်းခများ အနည်းငယ် မြင့်တက်ထားသော်လည်း ယခုနှစ် ခရီးသွားရာသီအတွင်း ဧည့်သည်အရေအတွက်မှာ လျော့နည်းခြင်း မရှိကြောင်း၊ ဟိုတယ်အခန်းများမှာ ပုံမှန်ဧည့်သည်များဖြင့်ပြည့်ကြောင်း၊ ဟိုတယ်အနေဖြင့် ၀န်ဆောင်မှုအား ပိုမိုကောင်းမွန်စွာ ပေးကြောင်း ဆိုသည်။
“အခန်းခက အစားစားရှိပါတယ်။ နေရာရယ်၊ ၀န်ဆောင်မှုပိုင်းရယ်မှာ ဈေးနှုန်းကွာသွားတာပါ။ အခန်းဈေးနှုန်းတွေက အနိမ့်ဆုံး နှစ်သောင်းကနေ နှစ်သိန်းအထိ ရှိပါတယ်။ ဈေးနှုန်းက အရမ်းကြီးမြင့်တက်သွားတာမျိုး မရှိပါဘူး” ဟု ချောင်းသာဟိုတယ်ဇုန်မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့်
ဦးကျော်ဟိုးက ပြောသည်။
ငွေဆောင်ကမ်းခြေရှိ ဟိုတယ်များတွင် ဟိုတယ်အခန်းခများမှာ နိုဝင်ဘာ ၁ ရက်မှစတင်၍ ၁၅၀၀၀ ကျပ်ဝန်းကျင်မှ ၃၀၀၀၀ ကျော်အထိ မြင့်တက်သွားကြောင်း၊ ထို့အပြင်လာမည့် ဒီဇင်ဘာ ခရစ္စမတ်ကာလတွင် ဈေးနှုန်းထပ်မံမြင့်ရန်ရှိကြောင်း၊ ဈေးမြင့်သော်လည်း ဧည့်သည်အ၀င်မှာ ယခင်အတိုင်းပင်ဖြစ်ကြောင်း Aureum ငွေဆောင်ဟိုတယ်မှ တာဝန်ရှိသူ တစ်ဦးမှ သိရသည်။  
ငပလီကမ်းခြေတွင်မူ ရခိုင်ပြည်နယ်ပဋိပက္ခများကြောင့် ဧည့်အ၀င်နည်းပြီး ဟိုတယ်အခန်းဈေးနှုန်းများမှာ ယခင်နှစ်က အတိုင်းပင်ဖြစ်ကြောင်း     Sandoway Resort မှ သိရသည်။

ခိုင်ချို
7Day News

No comments:

Post a Comment