အမြန်လမ်းမကြီးဘေးရှိ မြေများအား ပုဂ္ဂလိကပိုင် သစ်တောစိုက်ခင်းအမည်ခံကာ မြေလက်ဦးရယူမှုများ ကြီးစိုးနေကြောင်း လွှတ်တော်ကိုယ်စားလှယ်နှင့် ပညာရှင်အချို့က ဝေဖန်ပြောဆိုသည်။
“နေပြည်တော်နဲ့ ရန်ကုန် ကြားထဲမှာကိုလည်း တွေ့နေရတယ်။ ပုဂ္ဂလိကသစ်တောစိုက်ခင်းတွေ ရှေ့မျက်နှာစာလေးမှာပဲ စိုက်ထားတာတွေ့ရပြီး
နောက်မှာတော့ကွက်လပ်ကြီး၊ ဟန်ပြစိုက်ထားတာ” ဟူ၍အလုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ယနေ့
ကျင်းပသော ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး တတိယမြောက်နေ့ အခမ်းအနားတွင် ပြောကြားသည်။
နိုင်ငံတော်၏ အုပ်ချုပ်ရေး မြို့တော်ကြီးအဖြစ်
သတ်မှတ်သည့်နေပြည်တော် ဧရိယာအတွင်း၌ပင် အမြန်လမ်းမကြီးဘေးဝဲ၊ ယာ၌ ဧက ရာ၊ ထောင်ချီကာ ပုဂ္ဂလိက သစ်တောစိုက်ခင်းများအဖြစ် ဆိုင်းဘုတ်များထူ၍ နေရာယူထားကြောင်းကိုလည်း ဒေသခံများက ပြောဆိုသည်။
“ဒက္ခိဏသီရိမြို့နယ်ထဲမှာ အမြန်လမ်းမကြီးဘေးမှာပေါ့ဗျာ။ ပုဂလိကပိုင် ဧက ၂၀၀၀ ကျွန်း စိုက်ခင်းတဲ့။ ဆိုင်းဘုတ်ကြီးနဲ့” ဟု နေပြေည်တော်ကောင်စီ၊ ဒက္ခိဏ သီရိမြို့နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လယ်ဝေးမြို့နယ်အတွင်း ပါဝင်သော အမြန်လမ်းမကြီးဘေးမှ ပုဂ္ဂလိကသစ်မာစိုက်ခင်းများနှင့် ပတ်သက်၍လည်း “သစ်ပင်ဘယ်တော့စိုက်မလဲတော့ မသိဘူး။ လောလောဆယ်တော့ ဒေသခံ တောင်သူတွေ သူတို့ရဲ့ မိရိုးဖလာ လယ်၊ ယာတွေကို သစ်တောဧရိယာဆိုတဲ့ စွဲချက်နဲ့ ရင်ဆိုင်နေရ ပြီ” ဟု လယ်သမားများအရေး ဆောင်ရွက်ပေးနေသူ ကိုကျော်ဆွေလတ်က ပြောသည်။
အဆိုပါ အမြန်လမ်းမကြီးဘေး၌ပင် ၂၀၁၀ ပြည့်နှစ်က စိန်တစ်လုံးသရက်ဇုန် ဖော်ထုတ်ရန် ဆောင်ရွက်ခဲ့စဉ်ကလည်း နေပြည်တော် ဧရိယာအတွင်း ပါဝင်သော အကွက်များကို လက်ဦးမှုယူခဲ့ကြကြောင်း၊ မူလသတ်မှတ်ဈေး ထက်ဆယ်ဆကျော်အထိ ပေးဝယ်ကာ ရယူသူများပင်ရှိခဲ့ ကြောင်းလည်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှအရာထမ်းတစ်ဦးက ပြောသည်။
အမြန်လမ်းမကြီးဘေးတွင် ထိုကဲ့သို့ မြေလက်ဦးမှုယူကြခြင်းနှင့်ပတ်သက်ပြီး နေပြည်တော်ဒေသခံ လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးနေစိုးက “ပုဂ္ဂလိကစိုက်ခင်းတွေကို ခွင့်ပြုတာက များသောအားဖြင့် နှစ် ၃၀၊ နောက် ၁၅ နှစ် နှစ်ကြိမ်လောက်ထိ သက်တမ်းတိုးနိုင်တဲ့အတွက် နှစ် ၆၀ ဖြစ်သွားတယ်။ လက်ရှိပေးရတဲ့ ကာလတန်ဖိုးကလည်း သူတို့အတွက် မုန့်ဖိုးလောက်ရှိတာဆိုတော့ မြေကိုမပိုင်ရင်တောင် ကိုင်ထားချင်တယ်။ နောက်ပြီးလိုသလို ပုံဖော်သွားမှာပေါ့ဗျာ” ဟု ၎င်း၏အမြင်ကို ပြောပြသည်။
သန်းထူး
7Day News
No comments:
Post a Comment