သြစတြီးယားနိုင်ငံသား လေထီးခုန်သမား ဖိလစ်ဘောင်ဂတ်တနာဟာ မကြာသေးမီက ကမ္ဘာ့ပထမဆုံးသော အသံထက်မြန်တဲ့ မြန်နှုန်းနဲ့ ကောင်းကင်ကနေ အလွတ်ခုန်ချသူ အမြင့်ခုန်သမားအဖြစ် စံချိန်ရရှိထားခဲ့သူဖြစ်ပါတယ်။ အခုတော့ ၎င်းဟာ အမြင့်ကနေ လေထီးခုန်ခြင်းနဲ့ပတ်သက်လို့ ကမ္ဘာ့စံချိန်သုံးခုအထိ ရရှိပြီးနောက် သူ့ရဲ့ပရော်ဖက်ရှင်နယ်အလုပ်ကနေ အနားယူတော့မယ်လို့ တရားဝင်ကြေညာခဲ့ပြီ ဖြစ်ပါတယ်။
“အကြောက်အလန့်မဲ့ ဖိလစ်” Fear-less Felix လို့အမည်ရတဲ့ အသက် ၄၃ နှစ် အရွယ် ဖိလစ်ဘောင်ဂတ်တနာဟာ အောက်တိုဘာလ
အတွင်း အသံထက်မြန်တဲ့နှုန်းနဲ့ ကောင်းကင်မှ နယူးမက္ကဆီကို
သဲကန္တာရထဲ ခုန်ဆင်းကာ သိပ္ပံပညာနဲ့ လူသားရဲ့ ခံနိုင်ရည်စွမ်းရည်တို့ကြားက နယ်နိမိတ်အကန့်အသတ်တွေကို စမ်းသပ်ကြည့်ခဲ့တာပါ။ သတင်းတွေအရတော့ ၎င်းရဲ့အသံထက်မြန်တဲ့နှုန်းနဲ့ ဝေဟင်မှ ခုန်ဆင်းခဲ့မှု ကမ္ဘာ့စံချိန် သစ်ရရှိရေးမှာ သုံးခဲ့တဲ့ ကုန်ကျစရိတ်က ယူရိုသန်း ၅၀ လောက် ရှိတယ်လို့ သိရပါတယ်။ ယခု ဖော် ပြလိုက်တာယူရိုသတင်းရဲ့ သတင်းထောက် အန်ဒရီဟာဘိုလီသိုနဲ့ ဖိလစ်ဘောင်ဂတ်တနာတို့ရဲ့ အမေးအဖြေများပဲ ဖြစ်ပါတယ်။
ကိုယ့်အောက်က ကမ္ဘာမြေကြီးရဲ့ ၃၉ ကီလိုမီတာအထက်မှာ ဒုံးပျံ ထိပ်ဖူးအစိတ်အပိုင်းတစ်ခုထဲ ၀င်နေရချိန်မှာ ခင်ဗျားဘာတွေ စဉ်းစားနေခဲ့ပါသလဲ။
ဟုတ်ကဲ့။ ကျွန်တော်က အပေါ်တက်ဖို့ကိုပဲ အာရုံပြုနေခဲ့တာပါ။ ဘာလို့လဲဆိုတော့ ကိုယ့်မှာလုပ်စရာအလုပ်တွေ အများကြီးရှိနေခဲ့လို့ပါ။ ဒီနောက်တော့ ကျွန်တော်လည်း ဒုံးပျံထိပ်ဖူးအပေါ်ကို တက်သွားတယ်။ စက္ကန့်နည်းနည်းလောက်တော့ ကျွန်တော့်မှာ ( ကောင်းကင်ထက်က) မြင်ကွင်းကို ခံစားဖို့ အခွင့်အရေးရခဲ့တာပေါ့။ ထူးခြားလှတဲ့ မြင်ကွင်းပါ။ သိပ်ပြီးထင်ရှားလွန်းပြီး လှလွန်းတယ်။ ဒါပေမဲ့ ကိုယ်က (လေဟာနယ်ထဲမှာ ဂြိုဟ်တုခန်း) အပြင်ဘက်မှာရပ်နေရချိန်မှာတော့ အကြာကြီးရပ်မနေနိုင်တော့ဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်လည်း ကိုယ့်ယာဉ်စနစ်ကနေ အဆက်အသွယ်
ပြတ်သွားတာနဲ့အမျှ ကိုယ့်အတွက် အရန်ဆောင်ထားတဲ့ အောက်ဆီဂျင်ဘူးတွေမှာကလည်း ၁၀ မိနစ် စာပဲရှိတော့တာကိုး။ အဲဒီမှာ ကိုယ်ရပ်တည်နေရတဲ့
အချိန်မှာ တကယ်မြန်မြန်သိသွားတာကတော့ ကိုယ်ဟာ အန္တရာယ်ကြီးတဲ့ ပတ်ဝန်းကျင်ထဲ ရှိနေပြီဆိုတာပဲ။ ဆိုလိုတာကတော့ ကျွန်တော် မြန်မြန်ကြီးကို ခုန်ဆင်းရတော့မှာပေါ့။
ဒီတော့ခုန်ဆင်းလိုက်ပြီးနောက်ပိုင်း ဘာတွေဖြစ်သွားလဲ။
ကျွန်တော်တို့သိခဲ့တာကတော့ ကျွန်တော်ဟာ ချာလပတ်လှည့်နေတဲ့ ၀ဲတစ်ခုထဲဝင်သွားရတော့မယ်ဆိုတာပဲ။ အဲဒါအမှန်ပဲလေ။ အဲဒီမှာ လေကလည်းမ ရှိဘူး။ လုံးဝကို ဘူးခွံတစ်ခုထဲ ရောက်လုနီးပါးအခြေအနေပေါ့။ ဒါ့ကြောင့် ကျွန်တော်တော့အချိန်အကြာကြီးကြာအောင် ပတ်ချာလည်ရမ်းနေတော့မှာ သိထားခဲ့တယ်လေ။ ဒါဟာ ကျွန်တော် ဘယ်လောက်မြန်မြန် အဲဒီလို လည်နေတာကို ရပ်နိုင်စွမ်းရှိမလဲဆိုတဲ့ မေးခွန်းတစ်ခုပဲပေါ့။ ကျွန်တော်လုပ်ခဲ့ပါတယ်။ ကိုယ့်ရှိသမျှ လေထီးခုန်စွမ်းရည်တွေအားလုံး အသုံးချပြီး အဲဒီလည်နေတာကို ရပ်နိုင်အောင် လုပ်ခဲ့ရတာပေါ့။ ကျွန်တော်လုပ်ခဲ့တယ်။ ဒါ့ကြောင့် ကျွန်တော်တကယ်ပဲ ကောင်းကောင်းလုပ်ခဲ့ရမယ်ပေါ့။ အဲဒီ လေးမိနစ်နဲ့စက္ကန့် နှစ်ဆယ် အတွင်းမှာပဲ စွမ်းဆောင်နိုင်ရမယ်ပေါ့လေ။
ဒီလိုလေထဲခုန်ချစဉ် လည်နေတာကို “သေမင်းတမန်မွှေ့လည်မှု” လို့ ခေါ်ကြတာ ကြားဖူးထားပါတယ်။ ဒီတော့ ခေါင်းကနေခြေဖျားအထိ ပတ်ချာရမ်းနေ
ချိန်မှာ ကိုယ့်ကိုယ်ကိုယ် အတိအကျတည်ငြိမ်အောင် ဘယ်လိုလုပ်ခဲ့ရသလဲ။
ဒီကိစ္စက အဲဒီလိုလည်နေတာမျိုးကို လေ့ကျင့်လို့မရဘူးဗျ။ ခင်ဗျားအနေနဲ့ အသံထက်မြန်တဲ့နှုန်းနဲ့ ဖြစ်ချင်လည်းဖြစ်မယ်၊ မဖြစ်ရင်လည်း မဖြစ်ဘူးပေါ့။
ပြီးတော့ ကိုယ်လေထဲ မွှတ်မွှတ်လည်နေတဲ့အချိန်မှာ အဲဒါကိုရပ်တန့်ဖို့အချိန်က စက္ကန့် ၅၀ လောက်ပဲရတယ်။ ဒီတော့ကိုယ့်လက်မောင်းတွေနဲ့ ခြေထောက်တွေကို သုံးရမယ်။ အားလုံးကို သိမ်သိမ်မွေ့မွေ့လေးလုပ်ရပါမယ်။ ဘာ့ကြောင့်လဲဆိုတော့ ကိုယ်က တစ်နာရီကိုမိုင် ၈၃၀ နှုန်းနဲ့ သွားနေ တာကို သတိရနေရမှာကိုး။ ဒါ့ကြောင့် အဲဒီလည်နေတာကို ရပ်တန့်ဖို့နည်းလမ်းရှာတွေ့ရတာ တကယ်ပဲ ခက်တယ်ဆိုတာ သိခဲ့ရပြီ။ ဒါပေမဲ့ ကျွန်တော်လုပ်ပြခဲ့ပါတယ်။
အသံထက်မြန်တဲ့နှုန်းနဲ့ (လေထဲ) ဖြတ်သန်းသွားခဲ့ရတာကိုရော သတိပြုမိရဲ့လား။ အဲဒါ ဘာနဲ့တူပါသလဲဗျ။
အသံထက်မြန်နှုန်းကို ကျွန်တော်ဖြတ်ကျော်နေချိန်မှာ တကယ်ပဲ ကျွန်တော်ဘာမှ မသိခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘာလက္ခဏာမှ မပြခဲ့ဘူးလေ။ ကျွန်တော်ပြောခဲ့တာကတော့ ကျွန်တော့်ဝတ်စုံတစ်လျှောက်မှာ လှိုင်းတစ်ခုဖြတ်သွားတော့မယ်ပဲ။ အဲဒီလှိုင်းကို ကျွန်တော်တစ်ခါမှ မမြင်ခဲ့ရဘူး။ အသံထက်မြန်တဲ့နှုန်းတဲ့ ကျလာတဲ့အသံကြီးကိုလည်း ကျွန်တော်မကြားမိခဲ့ဖူးဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်အနောက်မှာ ဖြစ်ခဲ့တာကိုး။ အဲဒီအချိန်လောက်မှာပဲ ကျွန်တော်က လေထီးကိုဖွင့်နေတော့ ကိုယ်အသံရဲ့ မြန်နှုန်းကို စံချိန်ချိုးနိုင်လား၊ မနိုင်ဘူးလားမသိခဲ့ဘူးဗျ။ ဒါပေမဲ့
ကျွန်တော်မြေကြီးပေါ်ရောက်တော့ လူတွေအများကြီး ကျွန်တော့်ကို ပြောကြတယ်။ ဘာလို့လဲဆိုတော့ မြေကြီးပေါ်မှာ သူတို့အဲဒီအသံကြီးကို ကြားခဲ့ရ တယ်တဲ့။
အဲဒီအချိန်တုန်းက ကိုယ်လုပ်နိုင်မယ်လို့ရော တွေးမိလား။ အဆိုးဆုံးဖြစ်သွားနိုင်တာက ကိုယ်နောက်မှာရှိနေတာဆိုတော့လေ။
သတင်းစာရှင်းလင်းပွဲမှာ ဘရိုင်ယန်ဘူတလေ (ဖြစ်စဉ်မှတ်တမ်းကို တရားဝင်စောင့်ကြည့် စစ်ဆေးပေးခဲ့သူ) က ကိန်းဂဏန်းတွေနဲ့ အတိအကျ ပြောတော့ အဲဒါဟာ ကျွန်တော့်အနေနဲ့ အသံထက်မြန်တဲ့စံချိန်ချိုးနိုင်ခဲ့ကြောင်း ပထမဆုံးအကြိမ်ကြားဖူးတာပါပဲ။ အဲဒါလေးက တော်တော် ကောင်းတဲ့အချိန်ပဲ။ ကျွန်တော့်ကို ယုံပါ။
ခင်ဗျားဟာ ကိုယ့်ကိုယ်ကိုယ် ရုပ်ပိုင်းအရရော စိတ်ပိုင်းအရပါ အကန့်အသတ်တွေ ကျော်လွန် အောင်လုပ်ပြခဲ့တယ်။ ဒီလိုမျိုး ထူးထူးခြားခြား
လုပ်တာမျိုးအတွက် ဘယ်လိုပြင်ဆင်ခဲ့ရသလဲ။
ကိုယ်လေ့ကျင့်သမျှအချိန်တိုင်းက လေတပ်စခန်းမှာ အမြင့်ခုန်တာပဲ ဖြစ်နေတယ်။ ဝေးဝေးလံလံအမြင့်ကနေ ခုန်ရတာမျိုးကတော့ခက်ပါတယ်။ ဒါ့ကြောင့် ကိုယ်ခုန်ချတဲ့အခါ အပူရှိန်ကလည်းပါတယ်ဆိုရင် ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်တော်သိခဲ့တယ်။ ပြီးခဲ့တဲ့နှစ်ပေါင်းများစွာအတွင်း စမ်းသပ်မှုတွေအများ ကြီး ကျွန်တော်လုပ်ခဲ့ရပါတယ်။ ကျွန်တော်တို့ ကောင်းကင်ထက် ဟိုးအမြင့်ကရော၊ အနိမ့်ပိုင်းလောက်ကပါ ခုန်ချတာ။ ၀တ်စုံဝတ်ထားပြီး အဲဒီထဲမှာ လေဖိအားပေးထားတာရော၊ ဖိအားမရှိတာရော ပုံစံမျိုးစုံလေ့ကျင့်ခဲ့တယ်။ လေလွှတ်ထားတဲ့ ပိုက်လိုင်းထဲမှာလည်း ယာဉ်ငယ်တစ်ခုထဲနေပြီး ၀တ်စုံအပြည့်လေ့ကျင့်ခဲ့တယ်။ ပြီးတော့ ကျွန်တော်ခုန်ချစဉ်မှာစီးမယ့် ယာဉ်အိမ်ငယ်ကိုလည်း ကိုယ်တိုင်အပူချိန်နဲ့ လေထုအမြင့်တွေမှာ စမ်းသပ်ခဲ့တယ်။ ဒီနောက်တော့ ပေ ၇၀၀၀၀ အမြင့်ကတစ်ကြိမ်၊ ပေ ၉၀၀၀၀ အမြင့်ကတစ်ကြိမ် ခုန်ချခဲ့တာဆိုတော့အဲဒီနေ့မှာ ကျွန်တော်တို့ တကယ်စမ်းသပ်လုပ်ခဲ့တာ ပေ ၁၂၉၀၀၀ အမြင့်လောက်ဖြစ်သွားတာပေါ့လေ။ ဒါ့ကြောင့် ကျွန်တော်ဟာ အပြည့်အ၀ပဲစိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ ပြင်ဆင်ထားခဲ့ပါတယ်။
ခင်ဗျားရဲ့ အမြင့်ခုန်ဆင်းမှုကို ရာသီဥတုဆိုးလို့ ရွှေ့ဆိုင်းခဲ့ရသေးတယ်နော်။ ပြီးတော့ သတ်မှတ်ထားတဲ့ ကောင်းကင်အမြင့်ကို ရောက်ဖို့ နှစ်နာရီခွဲလောက်ကြာခဲ့ရတယ်ဆို။ ခင်ဗျားအာရုံကြောတွေကို ထိန်းချုပ်မှုရအောင် ဘယ်လိုလုပ်ခဲ့ရသလဲ။
အဲဒါဟာလွယ်တဲ့ အရာတော့မဟုတ်ဘူးပေါ့။ နှစ်တွေအများကြီးကြာအောင် လေ့လာထားရတဲ့ကိစ္စပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်က နာရီပေါင်း များစွာ ယာဉ်အိမ်ငယ်လေးတစ်ခုထဲ ထိုင်နေတယ်ဆိုတော့ မလွယ်ဘူးပေါ့။ ဒီမှာ အင်တာဗျူးလုပ်ဖို့ ခြောက်နာရီ၊ ခုနစ်နာရီလောက် ထိုင်ရုံပဲ ထိုင်နေတာကတောင် မလွယ်ဘူးလေ။ ကိုယ်ကလေဖိအားရှိတဲ့ ၀တ်စုံထဲမှာနေရတယ်ဆိုရင် တကယ်ဆိုးတာပဲ။ အောက်ဆီဂျင်ရှုရုံလေးရှုပြီးတော့ ကိုယ် ကြားရတာကလည်း ကိုယ့်အသက်ရှုသံနဲ့ မစ်ရှင်ထိန်းချုပ်ရေးက အသံပဲ။ ဒါပေမဲ့ ငြိမ်ငြိမ်နေမှဖြစ်မယ်လေ။ ဒါမှမဟုတ်ရင် ကျွန်တော်အောင်မြင်ခဲ့မှာ မဟုတ်ပါဘူး။
အခုလို ဟိုးကမ္ဘာ့အမြင် အမြင့်ကနေခုန်ချခဲ့တာဟာ ပိုက်ဆံဖြုန်းတဲ့ကိစ္စပဲလို့ ပြောကြတဲ့သူတွေကို ခင်ဗျားရဲ့ တုံ့ပြန်မှုက ဘာဖြစ်မလဲ။
ဟုတ်ကဲ့ လူတွေကတော့ ဒါကို အမြဲပြောကြမှာပဲ။ ဒါပေမဲ့ နိုင်ငံရေးမှာလည်းကြည့်လေ။ သူတို့ငွေဘယ်လောက် ဖြုန်းနေကြသလဲ။ အခုဟာက
ပုဂ္ဂလိကလူတစ်ဦးရဲ့ ငွေတွေပါ။ သူဟာ ဒီငွေကိုနှစ်ပေါင်းများစွာ Red Bull အချိုရည်တွေရောင်းပြီး ရှာဖွေခဲ့တာပါ။ ကျွန်တော်တို့ လူတွေကို ပျော်ရွှင်မှု
အများကြီးပေးခဲ့ပါတယ်။ ဆိုလိုတာက တစ်ကမ္ဘာလုံးဟာ စောင့်ကြည့်ခဲ့ပြီး အဲဒါကပဲ သူ့ဘာသာသူစကားပြောပါလိမ့်မယ်။
နောက်ထပ်ဘာလုပ်ဖို့ ရှိပါသလဲ။
ကျွန်တော်က ဒီလေထီးခုန်တဲ့အလုပ်ကနေ တရားဝင်အနားယူလိုက်ပြီဆိုတော့ ကလေးဘ၀ထဲကရှိခဲ့တဲ့ ဒုတိယအိပ်မက်ဖြစ်တဲ့
ရဟတ်ယာဉ်မောင်းနှင်ရေး ကိစ္စကို လုပ်ပါမယ်။ ၂၀၀၆ ခုနှစ်တည်းက ကျွန်တော့်မှာ ကူးသန်းရောင်းဝယ်ရေး ရဟတ်ယာဉ်မောင်းနှင်ခွင့်
လိုင်စင်ရထားပြီးပါပြီ။ ဒါက အနာဂတ်မှာ ကျွန်တော့်လုပ်ရမယ့်ဟာပေါ့။ ကိုယ့်စွမ်းရည်တွေကို လူထုအကျိုးပြု လုပ်ငန်းထဲ ထည့်ဝင်ရမယ်ဆိုရင် မီးသတ်သမားတစ်ယောက်၊ တောင်တက်ကယ်ဆယ်ရေးသမားတစ်ယောက်အဖြစ် လုပ်ချင်ပါတယ်။ ဒါ့ကြောင့် အဲဒါတွေထဲမှာ ရှိနေမှာပါ။ ဒါဟာ
ကိုယ်နဲ့သက်ဆိုင်တဲ့အရာပါပဲ။
ကျော်မျိုး
—Ref: Felix Baumgowtner: Life on the Edge: Euro News.
No comments:
Post a Comment