မြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည်
မြန်မာအဆင့်မြင့်အရာရှိကြီးများအဖွဲ့ကို ဦးဆောင်ကာ ပြီးခဲ့သည့် တနင်္လာနေ့က
ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သည်။
ဦးဥာဏ်ထွန်းနှင့် ကိုယ်စားလှယ်အဖွဲ့သည် ပထမအကြိမ်
ထိုင်းမြန်မာအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ တက်ရောက်ခြင်းဖြစ်ပြီး
ထားဝယ်အထူးစီးပွားရေးဇုန်နှင့် အခြားဆက်စပ်ဧရိယာများ ဖွံ့ဖြိုးမှုအတွက်
ဆွေးနွေးခဲ့ကြသည်ဟု The Nation သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။
အစည်းအဝေးပွဲတွင် ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ကို ထိုင်းဒုတိယ၀န်ကြီးချုပ်
ကစ်တီရတ်နာရာနောင်က ဦးဆောင်ခဲ့သည်။
ဦးဥာဏ်ထွန်းသည် ထိုင်းဝန်ကြီးချုပ်
မစ္စယင်လက်ရှင်နာဝပ်ထရာနှင့်လည်း တွေ့ဆုံခဲ့ပြီး ထိုင်းရင်းနှီးမြှုပ်နှံမှုများအတွက်
တံခါးဖွင့်ထားကြောင်း ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လက်ကလည်း
ထားဝယ်ဇုန်တွင် ထိုင်းနိုင်ငံကကူညီပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့်
အခြားစီးပွားရေးနယ်ပယ်များတွင် ထိုင်းလုပ်ငန်းရှင်များ၏
စိတ်ဝင်စားမှုများအကြောင်းကို ထပ်လောင်းပြောကြားသွားခဲ့သည်။
ထို့ပြင် ယင်လက်က
နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးမြင့်တက်စေရန် အခြားပူးပေါင်းဆောင်ရွက်မှုများကို
မြှင့်တင်နိုင်ရေးဆွေးနွေးခဲ့သည်။
မြန်မာနှင့်ထိုင်း နှစ်နိုင်ငံ ခေါင်းဆောင်များရှေ့တွင်
ထားဝယ်အထူးစီးပွားရေးဇုန်နှင့် အခြားဆက်စပ်စီမံကိန်းများဖွံ့ဖြိုးမှုဆိုင်ရာ
မြန်မာ-ထိုင်း ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ စာရွက်စာတမ်းများကို
လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မကြာမီနှစ်များအတွင်း ကျင်းပမည့် အရှေ့အာရှဆိုင်ရာ
ကမ္ဘာ့စီးပွားရေးဖိုရမ်၊ဆီးဂိမ်းတို့ကဲ့သို့ နိုင်ငံတကာပွဲများအတွက်
လျှပ်စစ်လိုအပ်ချက်များကို ကူညီဖြေရှင်းနိုင်ရန် ထိုင်းနိုင်ငံက
ဂတ်စ်တာဘိုင်အဟောင်းများကို ရန်ကုန်မြို့သို့ ပို့ဆောင်ပေးအပ် သွားမည်ဟု ဆိုသည်။
Eleven Media Group
No comments:
Post a Comment