Wednesday, November 7, 2012

ကြောင်အစစ်အကောင် ၂၀ နဲ့ ရိုက်ထားတဲ့ ဖြူဖြူရဲ့အန္တရာယ်ကြောင်မလေး

ဖြူဖြူကျော်သိန်း၏ နောက်ဆုံးထွက်စီးရီး “မိန်းကလေးတစ်ယောက်အသည်းကွဲနေတယ်”ထဲမှ “အန္တရာယ်ကြောင်မလေး” တေးသီချင်းကို ဗီစီဒီရိုက်ကူးရာတွင် တကယ့်ကြောင်အစစ် အကောင် ၂၀ ခန့်နှင့် ရိုက်ကူးခဲ့ကြောင်း ဖြူဖြူကျော်သိန်းကပြောသည်။
“အန္တရာယ်ကြောင်မလေး”သီချင်းမှာ ယင်းစီးရီးထဲတွင် ၎င်း၏သီဆိုဟန်ကို ထုတ်ပြနိုင်သည့် သီချင်းအဖြစ် ပရိသတ်အတော်များများက လက်ခံထားပြီး ဗီစီဒီအဖြစ်ရိုက်ကူးရာတွင်လည်း ကြောင်အစစ်တစ်ကောင်၏ စိတ်ခံစားချက်နှင့် မျက်နှာပေးမျိုးဖြစ်အောင် ဒါရိုက်တာသုံးပေါင်က ရိုက်ကူးပေးခဲ့ကြောင်း ဖြူဖြူကျော်သိန်းကပြောသည်။ “ဖြူဖြူက ကြောင်အရမ်းချစ်တယ်။ ရှိုးပွဲတွေမှာ ဖြူဖြူ trademark က
မျက်နှာဖုံးတပ်တာနဲ့ ကြောင်လိုအော်တာဆိုတော့ ကြောင်တစ်ကောင်ခံစားချက်နဲ့ သီချင်းတစ်ပုဒ်ကို ကိုစောခူဆဲလ်ကိုပြောပြီး အပ်လိုက်တာ။ ကိုစောခူဆဲလ်ရေးပေးထားတဲ့  စာသားတွေကလည်း ကြောင်တစ်ကောင်ရဲ့ သဘာဝနဲ့ အရမ်းကွက်တိကျနေတယ်။ ဖြူဖြူကိုယ်တိုင်လည်း ကြောင်အစစ်ဖြစ်ချင်တာကြောင့် ၀တ်စုံကအစ ကိုယ့်စိတ်ကူးကို အစ်မ(ညိုညိုသိန်း)က ဖန်တီးတယ်”ဟု ရိုက်ကွင်းအတွေ့အကြုံကို သူမကပြောသည်။
“အန္တရာယ်ကြောင်မလေး” သီချင်းကို ရဲတိုက်၊ ဖြူဖြူကျော်သိန်းနှင့် ကြောင်အကောင် ၂၀ တို့ဖြင့် ဒါရိုက်တာသုံးပေါင်က ရိုက်ကူးထားပြီး ကြောင်တစ်ကောင်၏ သဘာဝပီပြင်စေရန် မလေးရှားနိုင်ငံမှ ၀ယ်ယူလာသော ခေါင်းပေါင်းအနက်၊ တစ်ကိုယ်လုံး ကိုယ်တိအကျပ် အနက်ဝတ်စုံ၊
ကြောင်လက်သည်းများဖြင့် တူစေရန် ဂျပန်နိုင်ငံမှ ၀ယ်ယူလာသော လက်သည်း ခြေသည်းများ၊ ကြောင်တစ်ကောင်၏ မျက်လုံးများနှင့် တူစေရန် မိတ်ကပ်ကို ညီညီမောင်(စမ်းချောင်း)က လိမ်းခြယ်ပေးခဲ့ကြောင်း သိရသည်။ “ကြောင်အစစ်တွေနဲ့ ရိုက်ရတော့ ကြောင်တွေကိုမပျောက်အောင်
လိုက်ဖမ်းရတာတစ်ခုပါပဲ”ဟု ရိုက်ကွင်းအခက်အခဲကို ဖြူဖြူကျော်သိန်းကပြောသည်။
ဖြူဖြူကျော်သိန်း၏ “မိန်းကလေးတစ်ယောက်အသဲကွဲနေတယ်” စီးရီးထဲမှ “ကြိုးပြတ်သူ”၊ “ချယ်ရီလမ်း”နှင့် “အန္တရာယ်ကြောင်မလေး” အပါအ၀င် သီချင်းကိုးပုဒ်ကို ဒါရိုက်တာသုံးပေါင်နှင့် ရိုက်ကူးမည်ဖြစ်ပြီး ကျန်သီချင်းနှစ်ပုဒ်ကို မီဒီယာကမ္ဘာဖြင့် ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။

အေးသူစံ
7Day News

No comments:

Post a Comment