အာဆီယံဆူဇူကီးဖလား နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာလက်ရွေးစင်ဘောလုံးအသင်းတွင် အဓိကတိုက်စစ်မှူးများ၏ ဒဏ်ရာများမှာ ပြန်လည်ကစားနိုင်သည့်အခြေအနေ မရှိသေး၍ ပွဲစဉ်များ လွဲချော်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာအသင်း၏ ပဏာမလက်ရွေးစင် ၂၅ ဦးစာရင်းအား ထုတ်ပြန်ကြေညာခဲ့ရာ တိုက်စစ်မှူးကျော်ကိုကိုမှာ ဒဏ်ရာအခြေအနေအရ ပါဝင်လာခြင်းမရှိဘဲ ပြန်လည်ရွေးချယ်ခံခဲ့ရသည့် တိုက်စစ်မှူးစိုးမင်းဦးသည်လည်း ရှုံးထွက်ပြိုင်ပွဲတွင် ရရှိခဲ့သည့် ကြွက်သားဒဏ်ရာ
အခြေအနေကြောင့် တိုက်စစ်မှူးမိုင်းအိုက်နိုင်နှင့် ပြန်လည်အစားထိုးခဲ့ရသည်။
ခြေစစ်ပွဲအဆင့်တွင် တိုက်စစ်မှူးကျော်ကိုကိုနှင့် ရန်ပိုင်တို့ မပါဝင်နိုင်မှုကြောင့် မြန်မာအသင်းရှေ့တန်း၌ အားနည်းခဲ့ရသည်။ ထို့ကြောင့် နည်းပြချုပ်ပတ်ဆောင်ဟွာအနေဖြင့် နောက်ဆုံးအဆင့်ပြိုင်ပွဲအတွက် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် မြန်မာကစားသမားများထဲမှ ဂိုးအများဆုံးသွင်းယူထားသူ ကမ္ဘောဇတိုက်စစ်မှူး စိုးမင်းဦးအား ပြန်လည်ရွေးချယ်ခဲ့သော်လည်း ၄င်းသည်လည်း ဒဏ်ရာရရှိခဲ့သောကြောင့် ယင်းမှာ မြန်မာအသင်းရှေ့တန်းအတွက် ထိုးနှက်ချက်တစ်ရပ် ဖြစ်လာသည်။
ထို့ပြင်ပဏာမစာရင်းထဲ ပါဝင်လာသည့် တိုက်စစ်မှူးရန်ပိုင်နှင့် ကျော်ဇေယျာဝင်းတို့သည် ၄င်းတို့၏ ဒဏ်ရာများမှာလည်း အပြည့်အ၀ ကောင်းမွန်ခြင်းမရှိသေးကြောင်း သိရသည်။ အသစ်ဖွဲ့စည်းလိုက်သည့် ပဏာမမြန်မာ့လက်ရွေးစင်အသင်းတွင် ခြေစစ်ပွဲအောင်အသင်းမှ ကစားသမား ၁၇ ဦး ပါဝင်လာပြီး ရာဇာဝင်းသိန်း၊ ရန်အောင်ဝင်း၊ ညီညီမင်းတို့မှာ ပြန်လည်ပါဝင်လာခြင်း မရှိပေ။ နည်းပြချုပ်ပတ်ဆောင်ဟွာ ရွေးချယ်ထားသည့် ပဏာမအသင်းတွင် အောင်မိုး(ဟံသာဝတီ)နှင့် စိုးကျော်ကျော်(ရတနာပုံ)တို့မှာ ပထမဆုံးအကြိမ် ရွေးချယ်ခံရခြင်းဖြစ်သည်။ ပဏာမလူစာရင်းတွင် ၂၀၁၀ ဆူဇူကီးဖလားပြိုင်ပွဲဝင် မြန်မာအသင်းမှ ခင်မောင်ထွန်း၊ ခင်မောင်လွင်၊ မိုးဝင်း၊ သီဟစည်သူ၊ ရန်ပိုင်၊ ပိုင်စိုး၊ ကျော်ဇေယျာဝင်း၊ မိုင်းအိုက်နိုင် စသည့်ကစားသမားခုနစ်ဦး ပြန်လည်ပါဝင်လာသည်။
ပဏာမမြန်မာ့လက်ရွေးစင်အသင်း
ဂိုး- သီဟစည်သူ၊ ကျော်ဇင်ဖြိုး၊ ပြည့်ဖြိုးအောင်
နောက်တန်း- ပြည့်ဖြိုးအောင်၊ သိန်းသန်းဝင်း၊ မိုးဝင်း၊ ဇော်မင်းထွန်း၊ အောင်ဟိန်းကျော်၊ အောင်ဇော်၊ ဇော်ဇော်ဦး၊ သက်နိုင်၊ ခင်မောင်ထွန်း အလယ်တန်း- ခင်မောင်လွင်၊ ရန်အောင်ကျော်၊ ဒေးဗစ်ထန်း၊ ကြည်လင်း၊ ဖြိုးကိုကိုသိန်း၊ နိုင်လင်းဦး၊ ပိုင်စိုး၊ အောင်မိုး
ရှေ့တန်း- ရန်ပိုင်၊ စိုးကျော်ကျော်၊ မိုင်းအိုက်နိုင်၊ ကျော်ဇေယျာဝင်း၊ ကောင်းစည်သူ
ဗိုလ်ဗိုလ်ဝင်း
7Day News
No comments:
Post a Comment