ရန်ကုန်တိုင်းဒေသကြီး၊လသာမြို့နယ် အနော်ရထာလမ်းနှင့် စဥ့်အိုးတန်းလမ်းထောင့်ရှိ ၀ါဝါ၀င်းကုမ္ပဏီရုံးရှေ့တွင် လယ်အသိမ်းခံတောင်သူများ ဆန္ဒထုတ်ဖော်မှု ၈ ရက်မြောက်ကြာသော်လည်း သက်ဆိုင်ရာနှင့် ကုမ္ပဏီဘက်မှ ညှိနှိုင်းခြင်းမရှိသဖြင့် ဆန္ဒထုတ်ဖော်မှု ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။
လှိုင်သာယာမြို့နယ်၊အတွင်းပဒန်ကျေးရွာမှ လယ်မြေအသိမ်းခံရသူ လယ်သမား ၅၀ဦးခန့်က ၎င်းတို့ ၏နစ်နာမှုများအား မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာန(သို့မဟုတ်) ၀ါဝါ၀င်းကုမ္ပဏီဘက်မှ ဖြေရှင်းပေးရန်အတွက် အောက်တိုဘာလ ၃၁ရက်နေ့ နံနက် ၁၀နာရီ ၃၀မိနစ်မှ ၁၂နာရီ ၃၀မိနစ်အချိန်အထိ တရားဝင်ခွင့်ပြုမိန့်ဖြင့် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် သက်ဆိုင်ရာနှင့် ကုမ္ပဏီဘက်မှ လာရောက်ဖြေရှင်းခြင်းမရှိသဖြင့် ခွင့်ပြုချိန်ကျော်လွန်သော်လည်း နိုဝင်ဘာလ ၇ရက်နေ့ ညနေပိုင်းအထိ ဆန္ဒထုတ်ဖော်မှုကို ဆက်လက်ပြုလုပ်လျက်ရှိသည်။
ထိုသို့ ခွင့်ပြုမိန်ကျော်လွန်ပြီး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့သောကြောင့်
သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ လူစုခွဲရန် သုံးကြိမ်တိတိ သတိပေးမှုများပြုလုပ်ခဲ့ကြောင်းလည်း ဆန္ဒထုတ်ဖော်သူများ၏ ပြောကြားချက်အရ သိရသည်။
ထို့ပြင် လယ်သမားများက နိုဝင်ဘာလ ၂ရက်နေ့တွင် နိုင်ငံတော်သမ္မတကြီး၊ ပြည်သူလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့အား ၎င်းတို့ကြုံတွေ့နေရ သည့် အခက်အခဲများကို ကူညီဖြေရှင်းပေးရန် တောင်းဆိုထားသည့် ဆိုင်းဘုတ်များရေးသား၍ ဆန္ဒထုတ်ဖော်မှုများပြလုပ်ခဲ့ကြသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လသာမြို့နယ်ရဲတပ်ဖွဲ့စခန်းသို့ သွားရောက်မေးမြန်းရာ တာဝန်ကျ ရဲတပ် ဖွဲ့ဝင်တစ်ဦးက ''ခွင့်ပြုချိန်ကို ကျော်လွန်ပြီး ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ချိန်ကတည်းက ပုဒ်မ ၁၈ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ထားပါတယ်။ကျွန်တော်တို့အနေနဲ့ ဒီထက်ပိုမိုဖြေဆိုခွင့်မရှိပါဘူး''ဟု ပြောပြခဲ့ပါသည်။
ဆန္ဒထုတ်ဖော်မှု ၄ရက်မြောက်နေ့တွင် Signature Campaign ကို စတင်ပြုလုပ်ခဲ့ကြောင်းလည်း သိရပြီး ၅ရက်မြောက်နေ့တွင် ''ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်လက်ထက်တွင် တရားမျှတခြင်း၊ တန်းတူညီမျှခြင်းများအတွက် လှိုင်သာယာ ပဒန်ရွာသူရွာသားများက တောင်းဆိုပါသည်'' ''နိုင်ငံတော် သမ္မတကြီး ကျန်းမာ၊ချမ်းသာပါစေ'' စသည့်ဆိုင်းဘုတ်များနှင့် ဆန္ဒထုတ်ဖော်လျက်ရှိကြောင်းသိရသည်။
လက်ရှိအချိန်တွင်မူ ဆန္ဒထုတ်ဖော်နေသူများအား စေတနာရှင်ပြည်သူအချို့မှ မုန့်၊သစ်သီးနှင့် ရေသန့် စသည်တို့ကို လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment