Wednesday, November 7, 2012

ဌာနဆိုင်ရာ ၀န်ထမ်းများခန့်အပ်ရာတွင် ဒေသခံများ ဦးစားပေးရန်အဆို လွှတ်တော်တွင်သို့ တင်ထား

ဌာနဆိုင်ရာ ၀န်ထမ်းများ ခန့်အပ်ရာတွင်  ဒေသခံ တိုင်းရင်းသားများကို ဦးစားပေးရန် အဆိုလွှတ်တော်သို့ တင်သွင်းထားကြောင်း အမျိုးသားလွှတ်တော်တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူး  ဦးခက်ထိန်နန်က ပြောသည်။
“ကိုယ့်ဒေသကလူက ကိုယ့်ဒေသမှာ ပြန်လုပ်ရတော့ သူက ပိုပြီးတော့ ကိုယ့်ဒေသကို သံယောဇဉ်ရှိတယ်။ ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ ဆန္ဒပြင်းပြတယ်” ဟု အဆိုတင်သွင်းရခြင်း၏ ရည်ရွယ်ချက်ကို ၎င်းကရှင်းပြသည်။
ယင်းအဆိုကို ပထမအကြိမ်လွှတ်တော်၊ စတုတ္ထပုံမှန်အစည်းအဝေးကျင်းပစဉ်ကာလက ပြည်ထောင်စုလွှတ်တော်သို့ တိုင်းရင်းသားရေးရာ
ကော်မတီများက တင်သွင်းထားခဲ့သော်လည်း လွှတ်တော်တွင် အဆိုများပြားနေသောကြောင့် ဆွေးနွေးရန် အလှည့်မကျသေးကြောင်း ဦးခက်ထိန်နန် ကပြောသည်။
တိုင်းရင်းဒေသများသို့
လာရောက်တာဝန်ထမ်းဆောင်သော ဌာနဆိုင်ရာ ၀န်ထမ်းအများစုသည် ဒေသခံမဟုတ်သည့်အတွက် တာဝန်ကျရာ
ဒေသ၌ လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် ဒေသခံများကဲ့သို့ ကျွမ်းကျင်မှုမရှိခြင်းနှင့် စားသောက်နေထိုင်မှုတွင်လည်း အခက်အခဲ ကြုံတွေ့ရခြင်းများရှိသည်ကို တိုင်းရင်းသားရေးရာကော်မတီများ ကွင်းဆင်းလေ့လာရာတွင် ဒေသခံပြည်သူများက တင်ပြခဲ့ကြသည်။
ဌာနဆိုင်ရာ ၀န်ထမ်းများ ရွေးချယ်ခန့်ထားခြင်း၊ ပြောင်းရွှေ့တာဝန်ချထားခြင်း၊ ရာထူးတိုးမြှင့် ခန့်ထားခြင်းပြုလုပ်ရာတွင် သက်ဆိုင်ရာ ဒေသခံတိုင်းရင်းသားများကို ဦးစားပေးခန့်ထားဆောင်ရွက်သွားရန် တိုက်တွန်းသည့် ကြေညာချက်တစ်စောင်ကို ညီနောင်တိုင်းရင်းသားပါတီများက သြဂုတ်လအတွင်းက ထုတ်ပြန်ခဲ့သည်။

ရန်မျိုးနိုင်
7Day News

No comments:

Post a Comment