မြန်မာနိုင်ငံ၏ အဓိကစီးပွားရေး မြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် လူဦးရေတိုးပွားမှုနှင့် အိမ်ရာ ဆောက်လုပ်ပေးနိုင်မှု အချိုးမညီဘဲ နှစ်စဉ်အိမ်ရာ ဆောက်လုပ်ပေးနိုင်မှု ပမာဏမှာ လူဦးရေးတိုပွားမှု၏ သုံးပုံ တစ်ပုံခန့်သာရှိနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မှ သိရှိရသည်။
လက်ရှိရန်ကုန်မြို့တွင် အိမ်ထောင်စုအရေအတွက် ၁ ဒသမ ၀၅ သန်းခန့်ရှိပြီး နှစ်စဉ်အိမ်ထောင်စု ၂၆၀၀၀ ခန့် တိုးပွားလျက်ရှိကြောင်း၊ အိမ်ရာများ ဆောက်လုပ် ပေးခဲ့ရာတွင် ၂၀၀၄-၂၀၀၅ ခုနှစ်မှ ၂၀၀၉-၂၀၁၀ ခုနှစ်အထိ တစ်နှစ် လျှင်ပျှမ်းမျှ ၇၂၀၀ ခန့်သာ ဆောက် လုပ်နိုင်ခဲ့ခြင်းကြောင့် နှစ်စဉ်အိမ်ရာ ဆောက်လုပ်ပေးနိုင်မှုမှာ
လူဦးရေတိုး နှုန်း၏ သုံးပုံတစ်ပုံခန့်သာ ရှိနေ ကြောင်း သိရသည်။
“လက်ရှိ ရန်ကုန်မြို့ရဲ့ အိမ်ထောင်စုအရေအတွက်ဟာ ၁ ဒသမ ၀၅ သန်းခန့်ရှိပြီး နှစ်စဉ်လူဦးရေ တိုးနှုန်းအရ အိမ်ထောင်စု ၂၆၀၀၀ ခန့် တိုးပွားလျက်ရှိပါတယ်။ အိမ်ရာတွေ ဆောက်လုပ်ပေးခဲ့ရာမှာ ၂၀၀၄-၂၀၀၅ ခုနှစ်မှ ၂၀၀၉-၂၀၁၀ ခုနှစ် အထိ တစ်နှစ်လျှင် ပျှမ်းမျှ ၇၂၀၀ ခန့်သာ ဆောက်လုပ်နိုင်ခဲ့တဲ့အတွက် နှစ်စဉ်အိမ်ထောင်စု တိုးနှုန်းဟာ အိမ်ခန်းဆောက်လုပ်မှုထက် သုံးဆခွဲခန့် များပြားနေတာကို တွေ့ရှိရပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦး က ပြောပြခဲ့သည်။
ထို့အတွက်အိမ်ရာစခန်းဆောက် လုပ်ပေးရန် လိုအပ်ချက်များရှိနေပြီး ၀င်ငွေနည်း အခြေခံလူများ အများစု ပိုင်ဆိုင်နိုင်သော တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများဆောက်လုပ်ပေးရန် လို အပ်လျက်ရှိကြောင်း သိရပါသည်။
ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုး ရေး စီမံကိန်းအားရေးဆွဲလျက်ရှိရာ ယင်းအထဲတွင် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ မဖြစ်မနေထည့်သွင်းရန် လိုအပ်ကြောင်းမြို့ပြရေးရာ ကျွမ်းကျင်သူအချို့က သုံးသပ်ကြ သည်။
“ရန်ကုန်မြို့မှာ မြို့တော်စည်ပင်ရဲ့ စီမံခန့်ခွဲခွင့်ရှိတဲ့ မြေအနည်းငယ်သာ ရှိပါတယ်။ ရှိတဲ့မြေမှာ အိမ်ရာကဏ္ဍ ရင်းနှီးမြှပ်နှံဖို့အတွက် ဘဏ္ဍာရေး အခြေအနေအရ ဆောက်လုပ်ရေး ကုမ္ပဏီများနဲ့ အကျိုးတူဆောက် လုပ်ရတာကြောင့် စည်ပင်မှရရှိမယ့် အိမ်ခန်းတွေကိုပဲ ဈေးနှုန်းသက်သာ စွာရောင်းပေးနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရက ဆောက်လုပ်တဲ့ စရိတ်ကို မတည်ပေးမှသာ မြေတန်ဖိုးမပါဘဲ ဆောက်လုပ်မှု ကုန်ကျစရိတ် ဖြင့်သာ ပြန်လည်ရောင်းချပေးနိုင်မှာ ဖြစ်ပါတယ်”ဟု ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားခဲ့သည်။
Eleven Media Group
No comments:
Post a Comment