ကမ္ဘာလှည့်ခရီးသွားများ အများဆုံးအသုံးပြုသော ဗီဇာကတ်များအား မြန်မာနိုင်ငံတွင် နောက်သုံးလေးလအတွင်း အသုံးပြုနိုင်လိမ့်မည်ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ဝင်းက နိုဝင်ဘာ လ ၃ ရက်တွင် ပြောကြားသည်။
“မြန်မာ့ဆက်သွယ်ရေးနဲ့ ဆွေးနွေးပြီး နိုင်ငံတကာ နက်ဝါ့ခ် နဲ့ချိတ်နိုင်အောင် လုပ်ပြီးမှ သုံးလို့ရမှာ သူတို့အပြောအရဆိုရင် နှစ်ပိုင်းခွဲလုပ်မယ်။ အေတီအမ်ကတ်က
၃လ၊ ၄ လမှန်းတယ်။ POS (Point Of Sale) ကတော့ ၆လ၊ ၇ လလောက်ကြာဦးမယ်” ဟု နိုဝင်ဘာ ၃ ရက်က ပြုလုပ်သော မြန်မာနိုင်ငံမှ ဘဏ်သုံးခုနှင့် လိုင်စင်သဘောတူညီချက်များ လက်မှတ်ရေးထိုးပွဲတွင် ပြောကြားခဲ့ သည်။
အဆိုပါ ဗီဇာကတ်များအား ရန်ကုန်မြို့တွင် ပထမဆုံးအသုံးပြုနိုင်ရန် စီစဉ်သွားမည်ဖြစ်ပြီး မန္တလေးနှင့် ပုဂံမြို့များတွင်ပါ အသုံးပြုနိုင်အောင်
ဆောင်ရွက်သွားမည်ဖြစ်ကာ နောက်ပိုင်းတွင် ကမ္ဘာလှည့်ခရီးသွားများ သွားရောက်သော နေရာများတွင်ပါ အသုံးပြုနိုင်ရေး ဆောင်ရွက်သွားရန်ရှိကြောင်း ဗီဇာကုမ္ပဏီ၏အရှေ့တောင်အာရှနှင့် သြစတြေးလျ- အာရှဆိုင်ရာ မန်နေဂျာမစ္စတာ ပီတာမေဟာက ပြောသည်။
“ဒီလိုလက်မှတ်ထိုးတယ်ဆိုတာ သမိုင်းဝင်အပြောင်းအလဲတစ်ခုပဲ။ မနှစ်က ထိုင်းနိုင်ငံမှာ ဗီဇာကတ်နဲ့ သုံးစွဲမှုက ခြောက်ဘီလီယံရှိတယ်။ ဗီယက်နမ်မှာ သန်း ၈၀၀ ကျော်သုံးသွားတယ်။ ဒီမှာသုံးလို့ရလို့ တစ်နှစ်အတွင်း သန်း ၅၀၀ သုံးမယ်ဆိုရင်တောင် မဆိုးဘူး” ဟု ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင်က ပြောသည်။
ဗီဇာကတ်ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ်၊ သမ၀ါယမဘဏ်နှင့် မြန်မာအရှေ့တိုင်းဘဏ်တို့သည် နိုဝင်ဘာလ ၃ ရက်က ဆီဒိုးနားဟိုတယ်တွင် ပထမဆုံး လိုင်စင်သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြသည်။
အောင်သူရ
7Day News
No comments:
Post a Comment