ယခင်က အလုပ်အကိုင်အခွင့်အလမ်းအတွက် အိမ်နီးချင်းနိုင်ငံများသို့ မြန်မာလူငယ်များ အစုလိုက် အပြုံလိုက်ထွက်ခွာကြရပြီး ပြည်ပနိုင်ငံများတွင် BlueCollar ခေါ် အောက်ခြေအလုပ်အကိုင်များသွားရောက်လုပ်ကိုင်ကြရသည်။ ယခုအခါ ပြည်တွင်းနိုင်ငံရေး အပြောင်းအလဲများကြောင့်
နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်ရန် စိတ်ဝင်စားမှုမြင့်မားနေပြီး မြန်မာလူငယ်များသည် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းသစ်များကို စိတ်ကူးမျှော်လင့်နိုင်တော့မည်ဖြစ်သည်။
ယင်းကဲ့သို့ အခြေအနေတွင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများနှင့် ပြည်တွင်းမှ လုပ်ငန်းရှင်များအတွက် အခက်တွေ့လာစေသော အချက်မှာ
ပြည်တွင်း၌ လုံလောက်သော လူ့စွမ်းအားအရင်းအမြစ်
ရှိမနေသောပြဿနာဖြစ်သည်။
“အရင်တုန်းကတော့ အဝေးကွင်းသွားကန်ခဲ့ရတာ။ အခုတော့အိမ်ကွင်းကန်ရမယ့် အခြေအနေရောက်လာပြီ။ အိမ်ကွင်းမှာ ဘယ်လိုကန်မလဲဆိုတာလဲ အရေးကြီးလာပြီ။ အဝေးကွင်းသွားကန်ရလို့ဆိုတဲ့ အကြောင်းပြချက်လည်း ပေးလို့မရတော့ဘူး” ဟု Myanmar Change Initiative သင်တန်းကျောင်း မိတ်ဆက်ပွဲ၌ အဆိုပါကျောင်းကို တည်ထောင်သူ ကိုပြည့်စုံက ပြောသည်။
လက်ရှိအချိန်တွင် ရေနက်ဆိပ်ကမ်းများ၊ အိမ်ရာစီမံကိန်းများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းများအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စတင်နေကြပြီ ဖြစ်သလို အရောင်းဆိုင်နှင့် စူပါမားကက်လုပ်ငန်းများ၊ အိုင်စီတီ နည်းပညာလုပ်ငန်းများ၊ ကုန်သွယ်ရေးနှင့် ၀န်ဆောင်မှုဆိုင်ရာ လုပ်ငန်းများစသည့် လုပ်ငန်းအမျိုးမျိုးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများက ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြသည်။ အဆိုပါ စီးပွားရေးလုပ်ငန်းများ ထွန်းကားလာမှုနှင့်အတူ ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ဆောင်မှုလုပ်ငန်း နယ်ပယ်သည်လည်း ပိုမိုကြီးထွားကျယ်ပြန့်လာဖွယ်ရှိနေသည်။
“အဓိကက ဘာလဲဆိုတော့ ကျွမ်းကျင်တဲ့ဝန်ထမ်း လုံလောက်စွာမရဘူးဆိုတာ သူတို့က သိတယ်။ ကျွမ်းကျင်ဝန်ထမ်းတွေ လိုအပ်နေတဲ့အချိန်မှာ သင်တန်းတွေတိုးလာတာ ကောင်းတယ်။ လုပ်ငန်းတစ်ခုတိုးလာတဲ့အခါမှာ ဘာလုပ်ငန်းလဲဆိုတာကြည့်ဖို့ လိုပါတယ်။ အခုမြန်မာနိုင်ငံမှာဖြစ်နေတာက မြို့နယ်တိုင်းမှာ ဘီယာဆိုင်တွေ တိုးလာနေပါတယ်။ ဒါပေမဲ့ သင်တန်းကျောင်းတွေတော့ တိုးမလာပါဘူး။ အင်မတန် ၀မ်းနည်းဖို့ကောင်းပါတယ်” ဟု MHR စီးပွားရေးနှင့်စီမံခန့်ခွဲမှု သင်တန်းကျောင်းတည်ထောင်ထားသော ဦးအေးကျော်က ပြောသည်။
စစ်အုပ်ချုပ်ရေးစနစ်ကြောင့် လူငယ်များ၏အရည်အချင်း မြင့်မားလာစေရန် အခြေအနေဖန်တီးပေးမှုများ လျော့ကျသွားခြင်း၊
အရည်အသွေးပြည့်ဝသော သင်ကြားရေးဆရာ၊ ဆရာမများ နည်းပါးလာခြင်း၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများသည် မုဆိုးစိုင်သင် စနစ်ဖြင့် လည်ပတ်နေရခြင်းကြောင့် နိုင်ငံတကာစံနှုန်း၊ စနစ်များနှင့် ဝေးကွာသွားခြင်းစသည့် အကြောင်းတရားများကြောင့် နိုင်ငံခြားလုပ်ငန်းအဖွဲ့အစည်း
အများအပြား ၀င်ရောက်လာပါက ပြည်တွင်း၌ လုံလောက်သော လူ့စွမ်းအားအရင်းအမြစ်ရရှိနိုင်ရန် ခက်ခဲနေခြင်းဖြစ်သည်။
လူ့စွမ်းအားအရင်းအမြစ် လုံလောက်စွာရှိမနေခြင်းကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာပါက မြန်မာလူငယ်များအနေဖြင့် ပြည်တွင်း၌ပင် အောက်ခြေသိမ်းအလုပ်အကိုင်များ လုပ်ကိုင်ကြရစေရန် တွန်းအားဖြစ်စေလိမ့်မည်ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်သည်။
“အထူးသဖြင့် White collar နဲ့ Blue collar ပေါ့။ White collar အတွက်ကတော့ တကယ်အရည်အချင်းရှိတဲ့သူတွေပဲ ရမှာပေါ့။ Blue collar က သာမန်လူပဲ လုပ်စားကြမှာလေ။ ဒါတွေကို အစကတည်းက ပြောထားခဲ့တယ်။ လူတွေကို အရည်အသွေးမြင့်မားအောင် လုပ်ထားရမယ်။ နိုင်ငံတကာ အဆင့်မီအောင် လုပ်ထားရမယ်ပေါ့။ အဲ့ဒါက ကြိုလုပ်ထားမှ ကြိုပြင်ဆင်ထားမှရတာပါ။ နိုင်ငံတကာအဆင့်မီ ဘွဲ့ဒီဂရီတွေ ရထားမှလည်း သူတို့က လက်ခံမှာပါ။ အဲ့ဒီလိုမဟုတ်ရင်တော့ Blue collar ထဲပဲရောက်သွားမှာပဲ” ဟု ဦးရဲမြင့် (စွန့်ဦးတီထွင်)ကပြော သည်။
ဘာသာစကားကျွမ်းကျင်မှု၊ သဘောထားအမြင်၊ လူမှုဆက်ဆံရေး၊ သက်ဆိုင်ရာလုပ်ငန်းအလိုက် ကျွမ်းကျင်ပိုင်နိုင်မှုစသည့် အခြေခံလိုအပ်ချက်များ ပြည့်မီနေမှသာ နိုင်ငံတကာ အဖွဲ့အစည်းလုပ်ငန်းများတွင် အလုပ်အကိုင်နေရာကောင်းကို မျှော်လင့်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လုပ်သား
အင်အား အပြည့်အ၀ရှိသော်လည်း သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်လုပ်သားရှားပါးနေခြင်းဖြစ်ပြီး လုပ်သားအင်အား အများစုမှာ ကျွမ်းကျင်မှုအရည်အသွေးများ ဖြည့်ဆည်းပေးနိုင်ရန် အရေးတကြီးလိုအပ်နေသည်။
“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လိုအပ်နေတာ တစ်ခုပဲရှိတယ်။ လူဦးရေက သန်းခြောက်ဆယ်ရှိ ပြီးသား၊သဘာဝသယံဇာတရှိပြီးသား။ သန်းခြောက်ဆယ်ဆိုတဲ့ Hardware ဘော်ဒီအကောင့်ထဲ မှာ Software ပေါ့။ နည်းပညာ တတ်ကျွမ်းမှု၊ တစ်ဦးချင်း အရည်အသွေးတွေ
ထည့်လိုက်ရင် ဒီသန်းခြောက်ဆယ်က မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ပေးနိုင်မယ်။ လောလောဆယ်တော့ အသိဉာဏ်မမြင့်မားဘဲနဲ့
ကျွမ်းကျင်မှုတို့၊ အသိပညာတို့ နိမ့်နေတာက Accounting စကားနဲ့ပြောရင် Liability ဖြစ်နေတယ်။ လူတွေတော်အောင်၊ တတ်အောင် လုပ် ပေးတဲ့အဖွဲ့အစည်းလုပ်ငန်းတွေ များများပေါ်လာရင်တော့ တော်လာတတ်လာကြရင် Asset ဖြစ်ပါပြီ” ဟု ဦးအေးကျော်က သုံးသပ်သည်။
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုအတွက် ဂျပန်ဘာသာစကား ကျွမ်းကျင်တတ်မြောက်မှုသည် အဓိကလိုအပ်ချက်တစ်ခုဖြစ်လာနေပြီး အင်္ဂလိပ်၊
တရုတ်၊ ကိုရီးယားနှင့် ဂျပန်ဘာသာစကားတို့သည် လူငယ်များအကြား ရေပန်းစားသင်ယူနေကြသော ဘာသာစကားများဖြစ်သည်။ ယခုအချိန်တွင် ပုဂ္ဂလိကပညာရေးလုပ်ငန်းများက ဘာသာစကားသင်တန်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ၊ အိုင်တီပညာရင်သင်တန်းများ စသည့် သင်တန်းအမျိုးမျိုးကို ဖွင့်လှစ်ထားကြပြီး လူငယ်များအတွက် မိမိတို့အရည်အချင်းကို ဖြည့်ဆည်းနိုင်ရန် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်သည်။
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ၀င်လာရင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကိုလည်း ကျွမ်းကျင်ဖို့လိုအပ်ပါတယ်။ သူ့သက်ဆိုင်ရာ အဆင့်လိုက်ပေါ့။ ကျွမ်းကျင်တဲ့ အရည်အသွေးတွေရဖို့ကတော့ ကိုယ့်အရည်အချင်းကိုဖြည့်ဖို့ လိုအပ်လာပြီ။ အခုလည်း ပုဂ္ဂလိက သင်တန်းတွေမှာ ဖြည့်နေကြပါတယ်။ သင်တန်းတက်တယ်ဆိုတာကလည်း ကိုယ်တိုင်တတ်အောင်လုပ်ဖို့ အရေးကြီးတယ်။ လက်မှတ်ကို သွားအားမကိုးနဲ့။ အလုပ်သွားလျှောက်တဲ့အခါမှာ
သင်တန်းလက်မှတ်လေး၊ ငါး၊ ဆယ်ခု ပြပြီး တကယ်တမ်းလုပ်မပြနိုင်ဘူးဆိုရင် ဘယ်အလုပ်ရှင်မှ ကြိုက်မှာမဟုတ်ဘူး။ သင်တန်းတွေ နင်းကန်တက်နေတာထက် သင်တန်းတစ်ခုတက်ပြီးတိုင်း ကိုယ့်အတွက် ဘယ်လောက်ထိထိမိမိ အရည်အသွေးတွေရသွားလဲဆိုတာ ကြည့်ဖို့လိုတယ်” ဟု ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာလှတင့်က ပြောသည်။
အခွင့်အလမ်းကောင်းနှင့်အတူ စိန်ခေါ်မှုများ ပြင်းထန်လာသည့်အခြေအနေတွင် အလုပ်အကိုင်ရှာဖွေနေသူများသာမက လုပ်ငန်းခွင်ဝင်ရောက်နေသူများ ပါ မိမိတို့ အရည်အသွေးများကို မြှင့်တင်ထားရန် လိုအပ်မည်ဖြစ်ကြောင်း ပညာရှင်များက အကြံပြုသည်။
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ ဖြိုးတိုးတက်မှုအတွက် ပညာသင်မှုနှင့်ပတ်သက်သော သဘောထားခံယူချက်များပြောင်းလဲရန် လိုအပ်နေပြီး သက်ဆိုင်ရာနယ်ပယ်၊ ဘာသာစကားနှင့် အိုင်စီတီပညာရပ်တို့အတွက် အချိန်ယူလေ့လာ သင်ကြားရမည်ဖြစ်သည်။
“ခံယူချက်ပါ ပြောင်းဖို့လို တယ်။ အခုက ဘယ်မှာသင်တန်းဖွင့်လဲ။ သွားတက်မယ်။ သင်တန်းလက်မှတ်ရအောင်ယူမယ်။ အလုပ်သွားလျှောက်တဲ့အခါ ဒီလက်မှတ်တွေ တစ်ပွေ့တစ်ပိုက်နဲ့ သွားလျှောက်တယ်။ တကယ် အရည်အချင်းပိုင်းကတော့ အားနည်းနေတယ်။ လူငယ်တွေအနေနဲ့ မိမိသက်ဆိုင်ရာ ဘာသာရပ်အတွက် ကျွမ်းကျင်မှုကို ပိုင်ပိုင်နိုင်နိုင်ယူရမယ်။ နောက်ပြီးတော့ အိုင်စီတီနဲ့ပတ်သက်တဲ့ အသိပညာ၊ နောက်တစ်ခုက ဘာသာစကား။
အဲ့ဒီသုံးခုနဲ့ ပြည့်ဝနေမယ်ဆိုရင် ဘယ်လို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပဲလာလာ၊ နှစ်ဆယ့်တစ်ရာစုရဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မှာပါ”
ဒေါက်တာလှတင့်ကပြောသည်။
နေလင်းထွန်း
7Day News
No comments:
Post a Comment