အမေရိကန်သမ္မတ ရွေးကောက်ပွဲစိန်ခေါ်သူ မစ်ရွမ်းနေ
မစ္စတာမစ်ရွမ်းနေသည် အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်ပြီး ၂၀၁၂ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲ၌ လက်ရှိသမ္မတ
ဘားရက်အိုဘားမား အားစိန်ခေါ်ရန် ရီပက်ဘလေကန်ပါတီက ရွေးချယ်အမည် စာရင်းတင်သွင်းခဲ့သူဖြစ်သည်။ မစ္စတာရွမ်းနေသည်
မက်ဆာချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ၂၀၀၃ မှ ၂၀၀၇ ခုနှစ်အထိ တာဝန်ယူခဲ့သည်။
မစ်ရွမ်းနေကို ၁၉၄၇ ခုနှစ် မီချီဂန်ပြည်နယ် ဒက်ထရိုက်မြို့၌ မွေးဖွားခဲ့သည်။ ရွမ်းနေ၏ဖခင်မှာ နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး မိခင်မှာ အိမ်ရှင်မဖြစ်သည်။ မီချီဂန်ပြည်နယ်
မှာပင် ကြီးပြင်းခဲ့သူ မစ်ရွမ်းနေသည် အသက် ၁၉ နှစ် အရွယ်တွင် ပြင်သစ်နိုင်ငံ၌ လပေါင်း ၃၀ ကြာ သွားရောက်နေထိုင်ခဲ့ပြီး “မာမွန်” ခရစ်ယာန်သာသနာပြုအဖွဲ့၏ လုပ်ငန်းများ သွားရောက်လုပ်ကိုင်ခဲ့သည်။
မစ်ရွမ်းနေသည် ၁၉၇၅ ခုနှစ်တွင် ဘရီဂန်ယန်းတက္ကသိုလ်မှ ၀ိဇာဘွဲ့ရရှိခဲ့ပြီးနောက်ပိုင်း ဟားဗတ်တက္ကသိုလ်မှ စီးပွားရေး စီမံခန့်ခွဲမှုမဟာဘွဲ့
(MBA) ရရှိခဲ့သည်။ ယင်းနောက် မစ်ရွမ်းနေသည် စီမံခန့်ခွဲရေးအကြံပေးရေး လုပ်ငန်းတွင် ၀င်ရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး ၁၉၇၇ ခုနှစ်၌
Bain & Company တွင် နေရာတစ်နေရာ ရလာခဲ့သည်။ အဆိုပါ ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်အဖြစ် လုပ်ကိုင်ရင်း ၁၉၈၄ ခုနှစ်တွင် ကုမ္ပဏီအား ဘဏ္ဍာရေး အကျပ်အတည်းမှ ဆွဲထုတ်ခဲ့သည်။ နောက်ပိုင်းတွင် မစ်ရွမ်းနေသည် Bain Capital ဟုခေါ်သော ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကို တည်ထောင်ခဲ့ပြီး အမြတ်အစွန်း အများအပြား ရရှိခဲ့သည်။ အမေရိကန်တွင် အကြီးဆုံးပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခု ဖြစ်လာသည်။
မစ္စတာရွမ်းနေမှာလည်း ကန်ဒေါ်လာ သန်း ၁၉၀ မှ ၂၅၀ ကြား ချမ်းသာကြွယ်ဝသည်ဟု ခန့်မှန်းရပြီး ယခင်က နိုင်ငံရေးမဲဆွယ်ပွဲများ၌ ၎င်း၏
ကိုယ်ပိုင်ငွေကြေးများကို သုံးစွဲခဲ့သည်။ မစ္စတာမစ်ရွမ်းနေသည် The Church of Jesus Christ of Latter-day Saints ဟုခေါ်သော အဖွဲ့၌ တက်ကြွစွာပါဝင်ဆောင်ရွက်ပြီး ၎င်း၏မွေးရပ်မြေ ဘော်စတွန်မြို့ဒေသအတွက် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သည်။ မစ်ရွမ်းနေသည် နောက်ပိုင်းတွင် ၎င်း၏ကုမ္ပဏီနှင့် ခရစ်ယာန်ဘုရားကျောင်း ဦးစီးဦးဆောင်အဖြစ်မှ နုတ်ထွက်ပြီး ၁၉၉၄ ခုနှစ်တွင် မက်ဆာချူးဆက်ပြည်နယ် ကိုယ်စားပြု အမေရိကန်အထက်လွှတ်တော် ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ သို့သော် အမေရိကန်နိုင်ငံ၏ နာမည်ကြီးနိုင်ငံရေးသမား တက်ဒ်ကနေဒီကို ရှုံးနိမ့်ခဲ့သည်။
သို့သော် မစ်ရွမ်းနေသည် ၂၀၀၂ ခုနှစ် Salt Lake မြို့ ဆောင်းရာသီကျင်းပရေးကော်မတီတွင် ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန် ယူလုပ်ကိုင်ခဲ့ပြီး လူသိများလာခဲ့သည်။ ၂၀၀၂ ခုနှစ်မှာပင် မက်ဆာချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံရသည်။ ပြည်နယ်ကျန်းမာရေး စောင့်ရှောက်မှုပြုပြင်ပြောင်းလဲရေး ဥပဒေကို လက်မှတ်ရေးထိုးခဲ့သည်။
၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲ အကြိုကာလတွင် ရီပက်ဘလေကန်ပါတီကို ကိုယ်စားပြုခွင့်ရရန် ကြိုးပမ်းခဲ့သော်လည်း မစ္စတာဂျွန်မက်ကိန်းအား ရှုံးနိမ့်ခဲ့သည်။ ၂၀၁၂ ခုနှစ် သမ္မတရွေးကောက်ပွဲအတွက်လည်း တစ်နှစ်ခန့် ကြိုတင်ပြင်ဆင်ခဲ့သည်။ ရီပက်ဘလေကန်ပါတီ ပဏာမ
ရွေးကောက်ပွဲများ၌ စိန်ခေါ်သူများ တစ်ဦးပြီးတစ်ဦး ပြုတ်ကျကျန်ခဲ့ ပြီးနောက် ရီပက်ဘလေကန်ပါတီအား ကိုယ်စားပြု၍ ဒီမိုကရက်တစ်ပါတီ
ကိုယ်စားပြု လက်ရှိသမ္မတ ဘားရက်အိုဘားမားနှင့် ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။
မစ္စတာ မစ်ရွမ်းနေသည် ဇနီးသည် အန်းရွမ်းနေနှင့် ၁၉၆၉ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး သားငါးဦး၊ မြေး ၁၆ ဦး ထွန်းကားခဲ့သည်။
ရဲမင်း
7Day News
—Ref: Wikipedia.com
No comments:
Post a Comment