မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့နှင့်ရေနံပိုက်လိုင်းစီမံကိန်းကို တိကျသော အချက်အလက်များဖြင့် နိုဝင်ဘာလလယ်တွင် အများပြည်သူသိရှိစေရန် ထုတ်ပြန်မည်ဖြစ်ကြောင်း မြန်မာ-တရုတ်ပိုက်လိုင်း စောင့်ကြည့်ရေးကော်မတီဥက္ကဋ္ဌ ကိုတင်သစ်က ပြောသည်။
အဆိုပါကော်မတီက အောက်တိုဘာ ၁ ရက်တွင် အဖွဲ့အစည်း ၁၂ ဖွဲ့၊ (အသစ်တိုးအဖွဲ့မပါ) က ပိုက်လိုင်းနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိခြင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်ခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများရှိခြင်း၊ ဒေသခံများ ပူးပေါင်းပါဝင်ခွင့်မပေးခြင်းစသော အချက်အလက်များ ပါဝင်သော အချက် ခုနစ်ချက်ပါ ထုတ်ပြန်ချက်ကို
ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ပြီးနောက် ကုမ္ပဏီမှတာဝန်ရှိ ပုဂ္ဂိုလ်များက အောက်တိုဘာ ၁၉ ရက်တွင် တွေ့ဆုံခဲ့ကာ ကုမ္ပဏီနှင့်ပတ်သက်၍ သတင်းအချက်အလက်များ ဖြေကြားခဲ့ပြီး အချို့အချက်အလက်များကို ငြင်းဆိုခဲ့သည့် အချက်အလက်များနှင့် ပတ်သက်ပြီး တိကျသော သက်သေများတောင်းဆိုခဲ့ခြင်းကြောင့် တွေ့ဆုံပြီးနောက်ပိုင်း အချက်အလက်များ ကောက်ယူနေခြင်းဖြစ်ကြောင်း
ကောက်ယူပြီးသော အချက်အလက်များကို နိုဝင်ဘာလလယ်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ကိုတင်သစ်ကပြောသည်။
ပထမအကြိမ် တွေ့ဆုံစဉ် တင်ပြတောင်းဆိုသော အချက်များအနက် ပိုက်လိုင်းကြောင့် ပျက်စီးခဲ့သော ပြင်ဦးလွင်-မန္တ လေးကားလမ်းကို ပြန်လည်ပြုပြင် ပေးခဲ့ကြောင်း၊ နေရာတိုင်း ပြုပြင်ပေးခြင်းရှိမရှိနှင့် လျော်ကြေးကိစ္စများနစ်နာမှုရှိ၊ မရှိ ပြန်လည်လေ့လာပြီး ထုတ်ပြန်မည်ဖြစ်ကြောင်း ကိုတင်သစ်က ဆက်လက်ပြောကြားသည်။
“လူမှုအဖွဲ့အစည်းတွေ တောင်းဆိုတာက ၀ိုးတိုးဝါးတား ဖြစ်နေတယ်။ ပြတ်ပြတ်သားသား မရှိဘူး။ ဒါ့ကြောင့်မို့လို့ ကုမ္ပဏီဘက်က ဘယ်အချက်မှ
မလိုက်လျောနိုင်ပါဘူး” ဟုယင်းကုမ္ပဏီ လူမှုဆက်ဆံရေးဌာန အတွင်းရေးမှူးက ပြောကြားသည်။
ထုတ်ပြန်ချက်နှင့် ပတ်သက်၍ အချက်အလက်များဖြင့် တိကျသော သတင်းအချက်အလက်များပေးပါက ကုမ္ပဏီက ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊
နေရာနှင့် ပြဿနာကို အတိအကျ အမည်များဖြင့်ဖော်ပြီး ဓာတ်ပုံများ မြေပုံများနှင့်ပေးပါက ကုမ္ပဏီအနေဖြင့် ဖြေရှင်းပေးနိုင်မည် ဖြစ်ကြောင်း ကုမ္ပဏီအတွင်းရေးမှူးက ဆိုသည်။
မြေလျော်ကြေးကိစ္စတွင် အမြဲတမ်းသုံး မီတာ ၃၀ တွက် မြေလျော်ကြေးပေးပြီးဖြစ်သော်လည်း ယာယီသုံးမြေအတွက် လျော်ကြေးများ
မပေးရသေးကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း ကုမ္ပဏီသို့ မေးမြန်းရာတွင် ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်၌ လုပ်ငန်းမပြီးစီးသေးသောကြောင့် လျော်ကြေး အပြည့်အ၀ပေးချေခြင်း မပြုရသေးသည်ကလွဲ၍ အခြားဒေသများတွင် လျော်ကြေးပေးပြီး ဖြစ်ကြောင်း၊ အကယ်၍ဒေသခံများက မိမိပိုင်မြေကို သဘောမတူပါက ငြင်းဆိုခွင့်ရှိကြောင်း ကော်မတီနှင့် တွေ့ဆုံရာတွင်ပြောကြားခဲ့သည်ဟု ကိုတင်သစ်က ပြောသည်။
ယခုနှစ် ဇွန်လအထိ အမြဲတမ်းမြေအတွက်လျော်ကြေးငွေ ၂၃ ဒသမ ၅ ဘီလီယံနှင့် ယာယီသိမ်းမြေအတွက် လျော်ကြေးငွေ ကျပ်ငွေသန်းပေါင်း
၁၂၀၀ အထိ လျော်ကြေးပေးပြီးဖြစ်ကြောင်း၊ ပိုက်လိုင်းကို ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် လည်ပတ်နိုင်မည်ဖြစ်ကြောင်း ကုမ္ပဏီက ဖြေကြားခဲ့သည်။
အိဖြူမွန်
7Day News
No comments:
Post a Comment