ယခုနှစ်အစောပိုင်းက Google Earth မိုဘိုင်းအတွက် ထုတ်လုပ်ပေးခဲ့သည့် tour guide နှင့် 3D မြင်ကွင်း feature ကို Google Earth 7 desktop application အဖြစ် ကုမ္ပဏီမှ ထုတ်လုပ်ပေးလိုက်ပြီဖြစ် ကြောင်း သိရသည်။ အဆိုပါ feature တွင် အသုံးပြုသူများသည် မြို့များ၏မြင်ကွင်းကို 3D စနစ်ဖြင့် မြင်တွေ့ရမည်ဖြစ်ပြီး
ဝေးကွာသည့် နေရာဒေသ ၁၁,၀၀၀ ကျော်၏ ခရီးသွားလမ်းညွှန် အချက်အလက်များကို တစ်ထိုင်တည်း သိရှိရမည်ဖြစ်သည်။ ၎င်း tour guide feature သည် tour guide တစ်ဦးကဲ့သို့ လမ်းညွှန်မှုများကို ကောင်းမွန်ပြည့်စုံစွာ ပြုလုပ်ပေးနိုင်သည်။ နေရာဒေသများစွာသို့
virtual tour သွားရောက်နိုင်ပြီး အသုံးပြုသူ စိတ်ပါဝင်စားနိုင်သည့် ဒေသတွင်းနေရာအချို့ကိုလည်း အကြံပေးဖော်ပြချက်များ ပြုလုပ်ပေးနိုင်မည်ဖြစ်သည်။ သမိုင်းဝင် အထင်ကရနေရာများ၊ ထင်ရှားသည့် ဒေသများနှင့် အခြားစိတ်ဝင်စားဖွယ် အချက်အလက်များကို တစ်ခဏအတွင်း စုံလင်စွာမြင်တွေ့ရမည်ဖြစ်ကာ ၎င်းတို့အတွက် အသုံးပြုသည့် အချက်အလက်များနှင့် နေရာဒေသမှတ်တမ်းများမှာ Wikipedia စွယ်စုံဝက်ဘ်ဆိုက်မှ ရယူဖော်ပြထားခြင်းဖြစ်သည်။ 3D မြင်ကွင်း feature ဖြင့်လည်း desktop အသုံးပြုသူများအနေဖြင့် Rome, Munich, Mannheim, Protland, Seattle, Austin, Long Beach, Denver အပါအ၀င် ကမ္ဘာ့အကြီးဆုံးမြို့တော်များ၊ နိုင်ငံများကို 3D မြင်ကွင်းဖြင့် ရှင်းလင်းပြတ်သားစွာ မြင်တွေ့ရမည်ဖြစ်သည်။ ယခုထုတ်လုပ်ပေးလိုက်သည့် Google Earth 7 feature သစ်ကို desktop နှင့် laptop များတွင် မိုဘိုင်းထက် ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါ feature သစ်ကို လက်ရှိဗားရှင်းကို update ပြုလုပ်ခြင်းဖြင့်လည်းကောင်း၊ Google Earth ၀က်ဘ်ဆိုက်မှ Google Earth 7 ကို download ပြုလုပ်ခြင်းဖြင့်လည်းကောင်း ရယူအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရေးသားသူ -ဟေမာ
Internet Journal
Ref: SlashGear

No comments:
Post a Comment