Wednesday, November 7, 2012

ကွန်တိန်နာယာဉ်များနှင့် ဆိပ်ကမ်းကုန်တင်ကုန်ချယာဉ်များသာ သီးသန့်သွားလာခွင့်ပြုမည့် ကမ်းနားလမ်းသစ်ဖွင့်လှစ်မည်

ကွန်တိန်နာယာဉ်များနှင့် ဆိပ်ကမ်းသို့ဝင်ထွက်ပြုလုပ်မည့် ကုန်တင်ကုန်ချယာဉ်များသာ သီးသန့်သွားလာခွင့်ပြုမည့် ကမ်းနားလမ်းသစ်အား မကြာမီဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အတွင်းရေးမှူး ဦးကျော်စိုးက နိုဝင်ဘာလ ၅ ရက်နေ့က ပြောကြားခဲ့သည်။ "ကွန်တိန်နာတွေ သီးသန့်သွားလာနိုင်တဲ့ ကမ်းနားလမ်းသစ်ကို ရက်ပိုင်းအတွင်း ဖွင့်လှစ်သွားဖို့ရှိပါတယ်။ ကွန်တိန်နာကားတွေနဲ့ ဆိပ်ကမ်းကိုဝင်ထွက်ပြုလုပ်မယ့် ကားတွေသီးသန့်ကိုပဲ သွားလာခွင့်ပြုသွားမှာပါ" ဟု ဦးကျော်စိုးက ပြောပါသည်။
ကမ်းနားလမ်းသစ်သည် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းနယ်မြေများဖြစ်သော
ကြည့်မြင်တိုင်မြို့နယ်၊ အလုံမြို့နယ်၊ ဆိပ်ကမ်းမြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ်များအား ဖြတ်သန်းဖောက်လုပ်ထားခြင်းဖြစ်ကြောင်း ပြီး ကမ်းနားလမ်းသစ်အား ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်ဆန်းပိုင်းကတည်းက စတင်ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လမ်းသစ်အား အေရှားဝေါလ်ကုမ္ပဏီမှ တာဝန်ယူဖောက်လုပ်မည်ဖြစ်ပြီး ကားလမ်းအကျယ်မှာ ၄၈ ပေရှိကာ ကွန်ကရစ်လမ်းအမျိုးအစားဖြစ်၍ ယာဉ်နှင့်ဝန်အလေးချိန် စုစုပေါင်း တန် ၁၀၀ ဖြတ်သန်း သွားလာနိုင်မည်ဖြစ်သည်။ကမ်းနားလမ်းသစ်အား ဖြတ်သန်းအသုံးပြုခ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ကမ်းနားလမ်းသစ်၏ အရှည်မှာ (ထီးတန်းကြက်လျှာစွန်းမှ သံလျက်စွန်းအထိ)  ၅ ဒသမ ၇ မိုင်ရှိပြီး လမ်းသစ်၏ ရန်ကုန်မြစ်ဘက်အခြမ်းတွင် မီးရထားလမ်းကြောင်းလည်း ပါရှိမည်ဖြစ်ကြောင်း ယခင်ထုတ်ပြန်ထားချက်များအရ သိရှိရသည်။
ကမ်းနားလမ်းသစ်တိုးချဲ့ရာတွင် မလွတ်ကင်းသည့် ဌာနဆိုင်ရာ အဆောက်အုံများကိုလည်း ဖျက်သိမ်းမှုများပြုလုပ်ခဲ့ရကြောင်း သိရှိရသည်။ကမ်းနားလမ်းသစ်၏ဘေးတွင် ကွန်တိန်နာယာဉ်များ သီးသန့်ရပ်နားနိုင်သည့် ကွန်တိန်နာရပ်နားစခန်းတစ်ခုကိုလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဆောက်လုပ်လျက်ရှိပြီး ရပ်နားခကောက်ခံ၍ အသုံးပြုခွင့်ပေးမည်ဟု သိရသည်။
ကမ်းနားလမ်းသစ်နှင့်ပတ်သက်သည့်အချက်အလက်များ
ကားလမ်းအကျယ် - ၄၈ ပေ
လမ်းအမျိုးအစား - ကွန်ကရစ်
ဖြန်သန်းမည့်ယာဉ်၊ ၀န်အလေးချိန် - တန် ၁၀၀
နေ့စဉ်ခန့်မှန်းယာဉ်အစီးရေ - ၁၀၀၀ မှ ၁၂၀၀ ခန့်အထိ

Eleven Media Group

No comments:

Post a Comment