ကမ္ဘာ့ရွှေဈေးကျဆင်းသဖြင့် ပြည်တွင်းရွှေဈေး တစ်ရက်တည်း ကျပ်တစ်သောင်းကျော်ထိ ဈေးကျသော်လည်း ရွှေဝယ်လိုအားမြင့်တက်ခြင်း မရှိသေးကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များက ပြောကြားသည်။
“ကမ္ဘာ့ဈေးက ဒေါ်လာ ၃၀ နီးပါးကျသွားတာကြောင့် ပြည်တွင်းဈေးလည်း ကျတာများသွားတာ။ ဈေးကျပေမယ့် ဈေးကွက်အရောင်းအ၀ယ်တော့ ထူးထူးခြားခြား သိပ်မရှိသေးဘူး။ ၀ယ်တဲ့သူလည်းမရှိသေးဘူး။ ဈေးကွက်စောင့်ကြည့်နေကြတဲ့ သဘောပဲ” ဟု ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ကမ္ဘာ့ရွှေဈေးနှုန်းများသည် တစ်အောင်စလျှင် ၁၇၅၂ ဒေါ်လာဝန်းကျင်
ရှိနေရာမှ တစ်အောင်စလျှင် ၁၆၇၃ ဒေါ်လာထိ ကျဆင်းသွားသည်။
ထို့ကြောင့် ပြည်တွင်းရွှေဈေးနှုန်းမှာလည်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၇၆၅၀၀၀ ကျပ်ရှိရာမှ ၇၅၅၀၀၀ ကျပ်ထိဈေးနှုန်းများ ကျဆင်းလာခဲ့သည်။
ပြည်တွင်း ရွှေဈေးနှုန်းကို ကျပ် ၇၆၀၀၀၀ အောက် မကျနိုင်ဟု ခန့်မှန်းထားသော်လည်း ကမ္ဘာ့ရွှေဈေးကျဆင်းမှုများသောကြောင့် ယခုကဲ့သို့
ဈေးနှုန်းများ ကျဆင်းသွားခြင်းဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောသည်။
လတ်တလောတွင် ရွှေဈေး အတက်အကျမှာ ခန့်မှန်းရခက်နေပြီး ကမ္ဘာ့ရွှေဈေးအတက်အကျပေါ်တွင် မူတည်နေကြောင်း ရွှေလုပ်ငန်းရှင်များက
ပြောသည်။ ထို့ကြောင့် ပြည်တွင်းရွှေဈေးကွက်တွင် ၀ယ်လိုအားမရှိသေးဘဲ ဈေးကွက်စောင့်ကြည့်နေသည့် အနေအထားဖြစ်နေကြောင်း ရွှေလုပ် ငန်းရှင်များက ပြောသည်။
လတ်တလောတွင် ပြည်တွင်းရွှေပေါက်ဈေးနှင့် ကမ္ဘာ့ရွှေပေါက်ဈေးမှာ တန်းတူဖြစ်နေကြောင်း သိရသည်။
သိမ့်သိမ့်စိုး
7Day News
No comments:
Post a Comment