ဟာရီကိန်းမုန်တိုင်း “ဆန်ဒီ” နိုင်ငံ၏ အရှေ့မြောက်ပိုင်းအတ္တလန္တိတ်ကမ်းရိုးတမ်းတစ်လျှောက် အောက်တိုဘာလ ၂၉ ရက်နှင့် ၃၀ ရက်များတွင် ၀င်ရောက်မွှေနှောက်ခဲ့ပြီးနောက် နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး အင်ဒရူးကူမိုတစ်ယောက် ထိတ်လန့်တုန်လှုပ်နေသော မြို့တော်ကြီးအား လှည့်ပတ်ကြည့်ရှုပြီး သတင်းထောက်များနှင့် တွေ့ဆုံခဲ့သည်။ မုန်တိုင်းကြောင့် မက်ဟက်တန်အောက်ပိုင်း၊ စတက်တင်ကျွန်းနှင့် ဘရွတ်ကလင်း၊ ကွင်းစ်ခရိုင်ဒေသအချို့မှာ ရေနစ်မြုပ်ခဲ့သည်။ နယူးဂျာစီကမ်းခြေအားလုံး
လုံးဝဥဿုံ ပျက်စီးသွားစေခဲ့သည်။ မြောက်ကယ်ရိုလိုင်းနား၊ မိန်းပြည်နယ်များမှသည် မီချီဂန်အထိ ပြည်နယ်ပေါင်း တစ်ဒါဇင်ကျော်အား ဖြတ်သန်းသွားသောဆန်ဒီကြောင့် လူ ၅၀ ကျော် သေဆုံးပြီး လူပေါင်း ၈ သန်းခန့် လျှပ်စစ်မီး ပြတ်တောက်ခဲ့ရသည်။ ပျက်စီးဆုံးရှုံးမှု ကန်ဒေါ်လာဘီလီယံ ၂၀ ကျော်ရှိခဲ့သည်။ အင်အားပြင်းထန်မှု အဆင့်တစ်သာ
သတ်မှတ်ထားသော မုန်တိုင်းငယ်လေးက ပျက်စီးဆုံးရှုံးမှု ကြီးမားပြင်းထန်စေခဲ့ပြီ ဖြစ်သည်။
သို့သော် မစ္စတာကူမိုအတွက်မူ “ဆန်ဒီ” မှာ ဒီထက်ပိုဆိုးနိုင်သော မုန်တိုင်းများ၏ ရှေ့ပြေးပင်ဖြစ်သည်။ “အနှစ်တစ်ရာမှာ တစ်ကြိမ်ဖြစ်တဲ့
ရေကြီးမှုမျိုးကို ကျွန်တော်တို့ ၂ နှစ်တစ်ကြိမ် ကြုံနေရပြီ။ နောက်တစ်ခါ ဒီလိုရာသီဥတုမျိုးကြုံလာရင် ကျွန်တော်တို့ အနေနဲ့ ဒီထက်ကြိုတင်ပြင်ဆင် ထားဖို့ ကာကွယ်ထားဖို့ လိုအပ်ပါတယ်” ဟုနယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။
အမှန်တကယ်ပင် ကျွန်တော်တို့ပြင်ဆင်ထားဖို့ လိုအပ်ပါသည်။ လူပေါင်းများစွာနှင့် အဆောက်အအုံပိုင်ဆိုင်မှုပေါင်းများစွာမှာ ကမ်းရိုးတန်းဒေသများတွင် တည်ရှိသည် မဟုတ်ပါလော။ ရာသီဥတုပြောင်းလဲမှုကိစ္စလည်း ရှိပါသေးသည်။ ဆန်ဒီကဲ့သို့မုန်တိုင်းမျိုးကို အနာဂတ်တွင် ပိုမိုကြုံတွေ့ရနိုင်သည်။
သို့သော် ထိုအနာဂတ်ကို ကိုင်တွယ်ရန် ကျွန်တော်တို့ အဆင်သင့်မဖြစ်သေးပါ။ သမ္မတရွေးကောက်ပွဲ မဲဆွယ်ရေးလမ်းကြောင်းတွင် ကမ္ဘာကြီးပူနွေး လာမှုအကြောင်း ငြင်းခုံဆွေးနွေးမှုမရှိသလောက်ဖြစ်နေခြင်းကို ကြည့်ပါက သိသာပါသည်။ သတင်းကောင်းမှာ ကျွန်တော်တို့ ပြင်ဆင်ချိန်ရပါသေးသည်။ ဆန်ဒီကို သင်ခန်းစာယူခဲ့လျှင် ပြင်ဆင်နိုင်သည်။
၁၉၃၈ ခုနှစ်တွင် နိုင်ငံအရှေ့မြောက်ပိုင်းမှာပင် Long Island Express ဟုခေါ်သော ဟာရီကိန်း ၀င်ရောက်ခဲ့စဉ်က သတိပေးချက်လည်းနည်းပါးပြီး ပြင်ဆင်ချိန်လည်း သိပ်မရခဲ့။ ယင်းမုန်တိုင်းကြောင့် လူပေါင်း ၈၀၀ အထိ သေဆုံးခဲ့ပြီး အမေရိကန်သမိုင်းတွင် လူအသေအပျောက် အများဆုံး သောမုန်တိုင်းတစ်ခု ဖြစ်ခဲ့သည်။ သို့သော် ယနေ့အချိန်အခါတွင် ထိုမျှလောက် ပြင်ဆင်မှု ကင်းမဲ့မနေခဲ့ပါ။ အမေရိကန်မိုးလေ၀သနှင့် သဘာဝပတ်ဝန်းကျင်စောင့်ကြည့်ရေး ဂြိုဟ်တုပေါင်း နှစ်ဒါဇင်ကျော်က ကမ္ဘာမြေကြီးကို စောင့်ကြည့်ပြီး ရာသီဥတုကို ကြိုတင်ခန့်မှန်းပေးနေပါသည်။
ယင်းသို့ ပြင်ဆင်ထားသည့် ကြားမှာပင် နာဆာ၏ GOES-East ဂြိုဟ်တုတစ်လုံး စက်တင်ဘာလအတွင်း ရုတ်တရက်ပျက်သွားခဲ့သည်။ သို့သော် ကံကောင်းထောက်မစွာပင် နာဆာတွင် အရန်ဂြိုဟ်တုတစ်လုံး အဆင့်သင့်ရှိနေခဲ့ပြီး ဆန်ဒီမုန်တိုင်းစတင်ဖြစ်ပေါ်ချိန်တွင် အစားထိုးဝင်ရောက်
နေရာယူနိုင်ခဲ့သည်။ သို့သော် ဘတ်ဂျက်ဖြတ်တောက်မှုများနှင့် အစိုးရ၏ ရေရှည်မကြည့်မှုများက အမေရိကန် ဂြိုဟ်တုအုပ်စုများကို ခြိမ်းခြောက် နေသည်။ သုတေသနဂြိုဟ်တုနှင့် အလုပ်လုပ်သော ဂြိုဟ်တုများလိုအပ်ချက်ရှိနေသည်ဟု ဂျော်ဂျီယာ တက္ကသိုလ်ကမ္ဘာ့ပတ်ဝန်းကျင် လေထုလေ့လာရေး သိပ္ပံဌာနမှ ဒါရိုက်တာမစ္စတာဂျေ၊မာရှယ်ရှက်ပတ် ကပြောပါသည်။
အာကာသရှိ အခြေခံအဆောက်အအုံအတွက် တစ်ဒေါ်လာ ရင်းနှီးမြှုပ်နှံတိုင်း သဘာဝဘေးအန္တရာယ်ပျက်စီးမှုမှ ငါးဒေါ်လာသက်သာနိုင်ခြင်းကြောင့် အာကာသလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရေးမှာ စီးပွားရေးအရတွက်ခြေကိုက်သည်။ ဟာရီကိန်း “ဆန်ဒီ” တိုက်ခိုက်ချိန်မှာ ဒစ်ဂျစ်တယ်အမှတ် အသားကာလပင်ဖြစ်ပါသည်။ လျှပ်စစ်မီးပြတ်တောက်သွားသူများက မီးပြတ်သွားကြောင်း တွစ်တာမှနေ၍ သတင်းပို့ကြသည်။ အချို့သောနေရာများတွင် လျှပ်စစ်ဓာတ်အားဆုံးရှုံးမှုမှာ ရှောင်လွှဲမရနိုင်ပါ။ စိတ်အချရဆုံး မဟာဓာတ်အားလိုင်းစနစ်များပင် ဆန်ဒီကဲ့သို့ မုန်တိုင်းဒဏ်ကို ခံနိုင်မည် မဟုတ်ပါ။
သို့သော် ၂၁ ရာစုစီးပွားရေးအား ၂၀ ရာစု လျှပ်စစ်ဖြန့် ဖြူးရေးနည်းပညာများဖြင့် မပံ့ပိုးနိုင်ပါ။ အချိန်ကြာမြင့်စွာ လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်း များမှာ ဆန်ဒီမုန်တိုင်း မတိုင်ခင်ကပင် ဖြစ်ပေါ်ခဲ့ဖူးပါသည်။ ယမန်နှစ် Halloween ကာလ ကမောက်ကမ နှင်းမုန်တိုင်းများ တိုက်ပြီးချိန်မှာပင် အရှေ့မြောက်ပိုင်းမှ နေအိမ်ပေါင်း ၃ ဒသမ ၂ သန်း နှင့်စီးပွားရေးလုပ်ငန်းများမှာ ရက်သတ္တပတ်တစ်ပတ်ကျော်ကြာ လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ရ သည်။ နယူးဂျာစီနှင့် ကွန်နက်တီကတ်ပြည်နယ် ကျေးလက်နေအိမ်များဆိုလျှင် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သောအိန္ဒိယမှာကဲ့သို့ မီးပျက်သွားလျှင် မီးရရှိရန် ဂျင်နရေတာများ တပ်ဆင်ထားကြသည်။
လျှပ်စစ်ဖြန့်ဖြူးသော ကုမ္ပဏီကြီးများအနေဖြင့် ငွေကြေးကျပ်တည်းမှုကြားမှပင် မုန်တိုင်းဒဏ်အတွက် ဓာတ်အားလိုင်းများကို ပြင်ဆင်နိုင်ပါသည်။
ဆန်ဒီ မုန်တိုင်းမတိုက်မီက ယင်းကုမ္ပဏီများက ဓာတ်အားလိုင်းများနှင့် မလွတ်သော သစ်ကိုင်းများခုတ်ချခြင်းများလုပ်ဆောင်ခဲ့ပါသည်။ အပျက်အစီး နည်းပါးစေခဲ့သော်လည်း လုံးဝတော့ မထိန်းချုပ်နိုင်ခဲ့ပါ။ ဓာတ်အားလိုင်းများကို မြေမြှုပ်ထားနိုင်ပါသည်။ သို့သော် ယင်းသို့လုပ်ဆောင်ခြင်းမှာ ကုန် ကျစရိတ်များပါသည်။ အထူးသဖြင့်မြို့ကြီးများမှ ဝေးလံရာဒေသများ၌ မြေမြှုပ်ထားရန်ခက်ခဲပါသည်။
ထို့ကြောင့်ပင် အမေရိကန်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ၁၈ ရာခိုင်နှုန်းသာ မြေအောက်ကြိုးများ ဆွဲထားခြင်းဖြစ်သည်။ လိုအပ်နေသည်မှာ
စမတ်ကျသော နည်းပညာအသုံးချသည့်ဓာတ်အားလိုင်းစနစ်ဖြစ်သည်။ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကို အလျင်အမြန်သိရှိပြီး အခြားနေရာများသို့ ပျံ့နှံ့မသွားမီ လိုင်းများပြတ်တောက်လျှင် အချိန်မီပြင်ဆင်ရေးဖြစ်သည်။ ခေတ်သစ်လူမှုဘ၀များမှာ လျှပ်စစ်မီးပေါ်တွင် မှီခိုနေရသောကြောင့် လျှပ်စစ်ဖြန့်ဖြူးမှုမှာ တွစ်တာထက်စိတ်ချရရန် လိုအပ်ပါသည်။
ရာသီဥတုသိပ္ပံပညာရှင်များမှာလည်း ဆန်ဒီကဲ့သို့ ဟာရီကိန်းမုန်တိုင်းများ ပိုမိုကြီးမားပြီး ပိုမိုအင်အားပြင်းထန်လာခြင်းအတွက် ကမ္ဘာကြီးပူနွေးလာမှုကို မည်သည့်အခန်းကဏ္ဍမှ ပါဝင်အားဖြည့်နေသည်နှင့် ပတ်သက်၍ သဘောထားကွဲလွဲနေကြပါသည်။ သို့သော် အပူပိုင်းမုန်တိုင်းများမှာ ပူနွေးသော ရေပြင်မှဖြစ်ပေါ်လာသော စွမ်းအင်မှ တစ်ဆင့်ထွက်ပေါ်လာသည်ဟု သုတေသီများက သိရှိကြပါသည်။ ထို့အတွက်ကြောင့်ပင် ဟာရီကိန်း
မုန်တိုင်းများမှာ အပူပိုင်းဇုန်ဒေသများ၌ ပို၍အတွေ့ရများပါသည်။
အတ္တလန္တိတ် သမုဒရာရေပြင်မှာ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကနှင့် နှိုင်းယှဉ်လျှင် ၂ ဒီဂရီဖာရင်ဟိုက် (၁ ဒီဂရီစင်တီဂရိတ်) ပိုမို ပူနွေးလာခဲ့ပြီဖြစ်သည်။ တစ်စိတ်တစ်ပိုင်းအားဖြင့် လူတို့ပယောဂကြောင့်ဖြစ်ပေါ်သည့် ရာသီဥတု ပြောင်းလဲမှုကြောင့်ဖြစ်သည်။ ရေပြင်များပူနွေးလာလေ၊ မုန်တိုင်းများ
ပြင်းထန်လာလေဆိုသည့် အဓိပ္ပာယ်ပင်ဖြစ်သည်။ ရာသီဥတု ပြောင်းလဲမှုမှနေ၍ ပိုမိုအင်အား ပြင်းထန်သော၊ ပိုမိုစိုစွတ်သော မုန်တိုင်းများဆီသို့ ဦးတည်သွားလိမ့်မည်ဆိုသည်ကို သိပ္ပံပညာရှင်များက သဘောတူကြပါသည်။
ထို့အပြင် ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာ့ပင်လယ်ရေ မျက်နှာပြင်များလည်း မြင့်တက်လာသည်ဆိုသည့်အချက်ကိုလည်း သိပ္ပံပညာရှင်များ သိရှိကြပါ သည်။ ပျမ်းမျှအားဖြင့် ပင်လယ် ရေမျက်နှာပြင်များ ၈လက်မ (၂၀ စင်တီမီတာ) ခန့် မြင့်တက်လာခဲ့ပြီဖြစ်ရာ မုန်တိုင်းဝင်ရောက်ခြင်းနှင့်အတူ ပင်လယ်ကမ်းရိုးတန်း ရေကြီးရေလျှံမှုများလည်း ကြီးမားလာခဲ့ရာ ပျက်စီးဆုံးရှုံးမှုများ ကြီးမားကျယ်ပြန့်လာပါတော့သည်။
“ဒီတစ်နှစ်၊ နှစ်နှစ်အတွင်း ကျွန်တော်တို့နိုင်ငံနဲ့ ကမ္ဘာတစ်ဝန်းကြုံတွေ့ခဲ့ရတဲ့ မုန်တိုင်းတွေဟာ အရင်ကထက်ပိုပြီး ပြင်းထန်လာတယ်ဆိုတာကတော့ ရှင်းနေပါတယ်” ဟု “ဆန်ဒီ” မုန်တိုင်းက နယူးယောက်မြို့အား မွှေနှောက်ဖျက်ဆီးပြီးနောက်တစ်ရက်တွင် မြို့တော်ဝန် မိုက်ကယ်ဘလွန်းဘာ့ဂ်က ဆိုသည်။ “ဒီကိစ္စတွေကိုကျွန်တော်တို့ ကိုင်တွယ်ဖြေရှင်းရပါလိမ့်မယ်” ဟု၎င်းက ဆက်လက်ပြောပါသည်။ ယင်းမှာ “ဆန် ဒီ” မုန်တိုင်း၏ နောက်ဆုံးသခန်းစာပင်ဖြစ်သည်။ လောလောဆယ်တွင် ကျွန်တော်တို့ မပေးဆပ်ပါကနောက်ပိုင်း၌ သေချာပေါက် ပေးဆပ်ရပါလိမ့်မည်။
ကြည်နေ၀င်းမင်း
7Day News
Ref: Time

No comments:
Post a Comment