Wednesday, November 7, 2012

မြန်မာအလေးမကစားသမားတို့အတွက် ရောင်နီလေလား

မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ် သက်တမ်း ၆၆ နှစ်အကြာတွင် အာရှအဆင့် လူငယ်အလေးမပြိုင်ပွဲတစ်ရပ်ကို ရန်ကုန်မြို့၌ ပထမဆုံးအကြိမ် လက်ခံကျင်းပခွင့်ရရှိခဲ့ပြီ ဖြစ်သည်။ အာရှနိုင်ငံပေါင်း ၂၁ နိုင်ငံမှ အားကစားသမား စုစုပေါင်း ၃၀၀ ကျော် ပါဝင်ဆင်နွှဲမည့် အဆိုပါပြိုင်ပွဲကြီးကို နိုဝင်ဘာလ ၇ ရက်တွင် စတင်မည်ဖြစ်ပြီး မြန်မာပရိသတ်များ မိမိမြေတွင် ပထမဆုံးအကြိမ် အားပေးကြည့်ရှုနိုင်မည့်အခွင့်အရေး ရရှိတော့မည်ဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလအတွင်းက တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် အာရှအလေးမအဖွဲ့ချုပ် ညီလာခံတွင် ယခုနှစ် အာရှလူငယ်နှင့် အငယ်တန်း အလေးမတံခွန်စိုက်ပြိုင်ပွဲအတွက် အိမ်ရှင်အဖြစ် နှစ်နိုင်ငံလျှောက်ထားခဲ့ရာ အာရှအလေးမအဖွဲ့ချုပ် ၄၅ နိုင်ငံ၏ မဲရွေးချယ်မှုတွင် မြန်မာနိုင်ငံက မွန်ဂိုလီးယားနိုင်ငံအား ကျော်ဖြတ်ကာ လက်ခံကျင်းပခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။
အာရှအလေးမအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့်
အဆိုပါပြိုင်ပွဲကို နှစ်စဉ်ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံက အိမ်ရှင်ပြုလုပ်ခဲ့သည့် ယခင်ဆီးဂိမ်း(၁၉၆၁၊ ၁၉၆၉ အရှေ့တောင်အာရှကျွန်းဆွယ်) နှစ်ကြိမ်မှလွဲ၍ နိုင်ငံတကာ အလေးမသီးသန့်ပြိုင်ပွဲတစ်ရပ်ကို ပထမဆုံးအကြိမ် လက်ခံကျင်းပခွင့် ရရှိခြင်းလည်း ဖြစ်သည်။
အာရှလူငယ်ပြိုင်ပွဲတွင် ယူ-၁၇ (အသက် ၁၇ နှစ်အောက်) ကျား၊ မ ပြိုင်ပွဲများ ပါဝင်မည်ဖြစ်ပြီး အငယ်တန်းပြိုင်ပွဲမှာ ယူ-၂၀( ၂၀ နှစ်အောက်) ကျား၊ မ ပြိုင်ပွဲများ ထည့်သွင်းကျင်းပမည် ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲနှစ်ရပ်လုံးတွင် (ကျား) ပြိုင်ပွဲတွင် ကိုယ်အလေးချိန်တန်း ၈ တန်းနှင့် (မ)ပြိုင်ပွဲတွင် ၇ တန်း၊ စုစုပေါင်းကိုယ်အလေးချိန် တန်း ၁၅ တန်းစီ ထည့်သွင်းကျင်းပမည် ဖြစ်သည်။
ယခုပြိုင်ပွဲတွင် အာရှသာမက ကမ္ဘာ့အလေးမ အားကစားလောကတွင် အင်အားကြီးနိုင်ငံများ ဖြစ်ကြသော တရုတ်၊ ကိုရီးယား၊ အီရန်၊ ထိုင်း၊ ကာဇက်စတန်၊ ဥဇဘက်ကစ္စတန်၊ ကာဇက်စတန်နှင့် တာ့ခ်မင်နစ္စတန်နိုင်ငံများမှ အားကစားသမားများလည်း ၀င်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲသို့ ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ မြန်မာအားကစားသမား ဦးဇော်ဝိတ်သည် အလေးမအားကစားနည်းဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့အလေးမအားကစားသည်လည်း အာရှအဆင့်တွင်သာမက ကမ္ဘာ့စံချိန်များကိုပါ ချိုးနိုင်သည်အထိ အစဉ်အလာကောင်းများ ရရှိထားခဲ့သည့် အားကစားနည်းတစ်ရပ်ဖြစ်သည်။
မြန်မာအားကစားသမားများ အနေဖြင့် ဆီးဂိမ်းပြိုင်ပွဲများတွင်လည်း အလေးမအားကစားနည်းမှ ၂၀၁၁ ပြိုင်ပွဲမတိုင်ခင်အထိ အကြိမ်တိုင်း ရွှေတံဆိပ်ရရှိခဲ့သော်လည်း ပြီးခဲ့သည့် အင်ဒိုနီးရှားဆီးဂိမ်း၌မူ ကြေးတံဆိပ်တစ်ခုသာ ရရှိခဲ့သည်အထိ ကျဆင်းခဲ့သည်။
မြန်မာ့အလေးမအားကစားနည်း ကျဆင်းခဲ့ရသည့် အဓိကအကြောင်းရင်းမှာ မြန်မာအားကစားနည်းများတွင် အဓိကပြဿနာ ဖြစ်နေဆဲဖြစ်သည့် မျိုးဆက်သစ် ပြတ်လပ်ခြင်းကြောင့်ဖြစ်ကြောင်း လေ့လာသူများကသုံးသပ်သည်။
“လက်ရှိအချိန်မှာ မျိုးဆက်သစ်ကစားသမားများ မွေးထုတ်ရေး အဓိကပြန်လည်လုပ်ဆောင်နေရပါတယ်။ မျိုးဆက်ဟောင်းတွေလည်း မရှိတော့ပါဘူး။ အလေးမအားကစားနည်းဆိုတာက အနည်းဆုံး လေးနှစ်သက်တမ်းလောက် လက်ရွေးစင်စခန်းမှာ လေ့ကျင့်မှုရှိမှ နိုင်ငံတကာပြိုင်ပွဲ ၀င်ပြိုင်ဖို့ အနေအထားရနိုင်တာပါ။ ကစားသမားတွေ ထွက်လာဖို့ဆိုတာက ပြိုင်ပွဲတွေရှိဖို့ လိုအပ်ပါတယ် ပြည်တွင်းက အဆင့်လိုက်ပြိုင်ပွဲတွေ ထွက်ပေါ်လာဖို့ဆိုတာက အဖွဲ့ချုပ်တစ်ခုတည်းတော့ လုပ်လို့မရနိုင်ပါဘူး”ဟု မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်အောင်စိုးက ပြောသည်။
လက်ရှိအခြေအနေတွင် အဖွဲ့ချုပ်မှ ပုသိမ်၊ မြောင်းမြ၊ လပွတ္တာ၊ ဆိတ်ဖူးတောင်၊ လယ်ဝေး၊ ပျဉ်းမနားမြို့တို့၌ အလေးမအားကစားကလပ်များ ဖွင့်ပေးထားလျက်ရှိပြီး အလေးမအားကစားပစ္စည်းများ၊ နည်းစနစ်ပိုင်း သရုပ်ပြမှုများကို အဖွဲ့ချုပ်စရိတ်ဖြင့် လုပ်ဆောင်ပေးလျက်ရှိကြောင်း ၄င်းကဆိုသည်။
“ အရင်က ရန်ကုန်မြို့မှာ အလေးမကလပ်များစွာ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ တစ်ခုမှမရှိတော့ပါဘူး”ဟု ဦးကျော်အောင်စိုးကပြောသည်။ ယခင် မန္တလေးတိုင်းချန်ပီယံဟောင်းနှင့် ယခု အဖွဲ့ချုပ်အမှုဆောင်တစ်ဦးဖြစ်သူ ဦးတိုက်စိုးကလည်း “လက်ရှိအားကစားသမား ရှားရတဲ့အကြောင်းရင်းက အားပေးမှုနည်းနေသေးလို့ပဲ။ အားကစားနည်းတစ်ခုကို စိတ်ဝင်စားမှုများဖို့က မီဒီယာတွေရဲ့ ပံ့ပိုးမှုလည်း လိုအပ်ပါတယ်”ဟု ဆိုသည်။
ရန်ကုန်မြို့တွင်ကျင်းပမည့် အာရှလူငယ်တံခွန်စိုက်ပြိုင်ပွဲတွင် အသက်အငယ်ဆုံးအဖြစ် ၁၃ နှစ်ကစားသမား ပါဝင်မည်ဖြစ်ပြီး မြန်မာအားကစားအဖွဲ့မှ အသက်အငယ်ဆုံးကစားသမားမှာ ၁၅ နှစ်ဖြစ်ကြောင်း သိရသည်။ “အသက် ၁၃ နှစ်လောက်မှာ နိုင်ငံတကာအားကစား ပြိုင်ပွဲတစ်ရပ် ၀င်ပြိုင်နိုင်ဖို့အတွက် ဒီကလေးတွေကို အနည်းဆုံး အသက်ကိုးနှစ်၊ ဆယ်နှစ်လောက်ကတည်းက လေ့ကျင့်ပေးရမှာပါ။ မြန်မာမှာက လက်ရှိအနေအထားအရ အဲလိုမရှိသေးပါဘူး။ အဖွဲ့ချုပ်အနေနဲ့ တတ်နိုင်သလောက်တော့ လုပ်ပေးနေပါတယ်။ ဒါပေမဲ့ ခုလေ့ကျင့်ပေးနေတဲ့ ကလေးတွေအနေနဲ့က လာမယ့် ၂၀၁၅၊ ၂၀၁၇ လောက်ကျရင်တော့ အားကိုးရမှာပါ”ဟု ဦးတိုက်စိုးကဆိုသည်။
နိုဝင်ဘာလ ၇ ရက်မှ ၁၂ ရက်အထိ သိမ်ဖြူအားကစားရုံတွင် ကျင်းပမည့် အဆိုပါပြိုင်ပွဲသို့ အိမ်ရှင်မြန်မာနိုင်ငံမှ အားကစားသမား ၂၅ ဦး(အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၃ ဦး) ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ မြန်မာအလေးမအသင်းကို ဘူလ်ဂေးရီးယားလူမျိုး Mt.Stoychov က လွန်ခဲ့သည့် လေးလခန့်က စတင်ကိုင်တွယ်နေခြင်းဖြစ်ပြီး ၄င်းလက်ထက်တွင် အားကစားသမားများအနေဖြင့် တိုးတက်မှုရှိကြောင်း အဖွဲ့ချုပ်တာဝန်သူကဆိုသည်။
မြန်မာအလေးမအဖွဲ့အနေဖြင့်လည်း အာရှလူငယ်နှင့် အငယ်တန်းပြိုင်ပွဲကို ယခင်က ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသော်လည်း အမြင်ဆုံးအောင်မြင်မှုအဖြစ် တစ်ဦးချင်းစတုတ္ထသာ ရရှိခဲ့ဖူးကြောင်း သိရသည်။ အိမ်ရှင်ပြုလုပ်မည့် ယခုနှစ်ပြိုင်ပွဲတွင်လည်း လက်ရှိအနေအထားအရ မြန်မာအားကစားသမားများမှာ ဆုတံဆိပ်ရရှိရန်ထက် အတွေ့အကြုံပိုင်း ရရှိရေးကိုသာ ဦးစားပေး ၀င်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အကောင်းဆုံးကြိုးစားရမည်ဖြစ်ကြောင်း တာဝန်ရှိသူများကပြောသည်။
အိမ်ရှင်ပြုလုပ်ရသည့်အတွက် အခြားအခွင့်အရေးတစ်ရပ်မှာ ပြည်တွင်းဒိုင်လူကြီးများအနေဖြင့် နိုင်ငံတကာမှ ဒိုင်လူကြီးများနှင့်အတူ ပြိုင်ပွဲတွင်ပြုလုပ်မည့် လက်တွေ့စာမေးပွဲကို ၀င်ရောက်ဖြေဆိုနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
“လက်ရှိ ပြည်တွင်းမှာ နိုင်ငံတကာအဆင့် အလေးမဒိုင်က ငါးဦးလောက်ပဲရှိတာပါ။ စာတွေ့ဖြေထားတာ ၁၄ ဦး ရှိပါတယ်။ ဒီဒိုင်တွေအနေနဲ့ အခြားတစ်နိုင်ငံမှာ လက်တွေ့စာမေးပွဲအတွက် သွားဖို့ဆိုတာ မလွယ်ပါဘူး။ ခုအိမ်ရှင်လုပ်ရတဲ့အခြေအနေမှာ အားလုံးပါဝင်ဖြေဆိုနိုင်တဲ့ အခွင့်အရေးကောင်း ရရှိမှာဖြစ်ပါတယ်”ဟု အဖွဲ့ချုပ်တာဝန်ရှိသူကဆိုသည်။
မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်အနေဖြင့်လည်း ပြိုင်ပွဲအတွက် အလေးမဆိုင်ရာ အားကစားပစ္စည်းများကို ကျပ်သိန်းကိုးရာဖိုးခန့် ၀ယ်ယူပြင်ဆင်ထားပြီး အိမ်ရှင်နိုင်ငံ၏ ပြင်ဆင်မှုအပိုင်းများကို အကောင်းဆုံး ကြိုးစားထားကြောင်း ဦးတိုက်စိုးကပြောသည်။
ယခုပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပြုလုပ်ရသည့်အတွက် အလေးမအားကစားကို ပြည်သူများ ပိုမိုထိတွေ့ သိရှိလာနိုင်ရန်၊ လာမည့်ဆီးဂိမ်းပြိုင်ပွဲအကြိုအဖြစ် ပြိုင်ပွဲလက်ခံကျင်းပပုံ အတွေ့အကြုံများ လေ့လာသုံးသပ်နိုင်ခြင်း၊ ပြောင်းလဲလာသော မြန်မာနိုင်ငံအနေအထားကို အာရှနိုင်ငံများမှ မျက်မြင်တွေ့ရှိနိုင်ရန် စသည့် အဓိကရည်ရွယ်ကြောင်း အဖွဲ့ချုပ်တာဝန်ရှိသူများက ဆိုကြသည်။ ယခုပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၇ ရက်၊ ညနေ ၅ နာရီတွင် သိမ်ဖြူအားကစားရုံ၌ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲများကိုမူ နိုဝင်ဘာ ၈ ရက်တွင် စတင်ကျင်းပသွားမည် ဖြစ်သည်။ ပရိသတ်များအနေဖြင့်လည်း ၀င်ကြေးအခမဲ့ဖြင့် လာရောက်အားပေး ကြည့်ရှုနိုင်ကြောင်း သိရသည်။
အစဉ်အလာကြီးမားခဲ့သော မြန်မာ့အလေးမအားကစားနည်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြန်လည်စိတ်ဝင်စားမှု ရရှိစေရန် လိုအပ်နေချိန်တွင် နှစ်ပေါင်းခြောက်ဆယ်ကျော်အတွင်း ပထမဆုံးအကြိမ် အိမ်ရှင်ပြုလုပ်ကျင်းပခွင့်ရရှိသည့် အာရှလူငယ်နှင့် အငယ်တန်းအလေးမပြိုင်ပွဲက မည်သည့်အတိုင်းအတာအထိ အထောက်အကူပြုနိုင်မည်ဆိုသည်ကိုမူ စောင့်ကြည့်ရမည်သာ ဖြစ်ပါသည်။

ဗိုလ်ဗိုလ်ဝင်း
7Day News

No comments:

Post a Comment