မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသရှိ ရွှေလုပ်သားများမှ
၎င်းတို့၏ အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေး၊ ရပိုင်ခွင့်များ တောင်းဆိုရေး၊
စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ရပ်ဆိုင်းရေးစသည်များ
နှင့်ပတ်သက်၍ ငြိမ်းချမ်းစွာစုဝေး ဆန္ဒဖော်ထုတ်မှုကို ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ
၈ရက်နေ့တွင် ကမာရွတ်မြို့နယ်၊ ၉ ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ
အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီများအုပ်စု၏ ရန်ကုန်ရုံးရှေ့တွင်
ပြုလုပ်ခဲ့ကြောင်း သိ ရှိရသည်။
''ဆန္ဒဖော်ထုတ်ခြင်းရင်း အကြောင်းကတော့ ကျွန်တော်တို့ တောင်းဆိုထားတာတွေကို
အခုထိကုမ္ပဏီဘက်ကနေ တုံ့ပြန်မှုမရှိသေးတဲ့အတွက် ထပ်ပြီးပြုလုပ်ခြင်းဖြစ်တယ်။
ဒီနေ့ပြုလုပ်တဲ့ ဆန္ဒဖော်ထုတ်တဲ့နေရာမှာ စွန့်ပစ်ပစ္စည်းတွေကြောင့်
သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ရပ်ဆိုင်ရေးအချက်ပါလာပါတယ်။ လူတွေနေထိုင်တဲ့
ပတ်ဝန်းကျင်မှာ စက်ရုံတွေလာတည်ဆောက်တဲ့အတွက် အသက်အန္တရာယ်ကို ထိခိုက်နိုင်တဲ့
ဓာတုပစ္စည်းတွေပါနေမှန်းသိလျက်နဲ့ စွန့်ပစ်ပစ္စည်းတွေ စွန့်ပစ်တယ်။ အဲဒါကြောင့်မလို့
ကျွန်တော်တို့တွေအနေနဲ့ သောက်ရေသုံးရေကို ရဲရဲမသုံးရဲကြတော့ဘူး။ ဒါကြောင့်
ဒီနေ့ဖော်ထုတ်ရတဲ့အထဲမှာ တခြားအချက်တွေအပြင် ဒီအချက်ပါလာရတာပါ'' ဟု မိုးထိ မိုးမိ
ဇုန်(၆)မှ ကိုယ်စားလှယ်ဖြစ်သူ ကိုလှိုင်မျိုးအောင်မှ ပြောကြားခဲ့သည်။
၂၀၁၂ ခုနှစ် ဇွန်လအတွင်းက မိုးထိမိုးမိရွှေလုပ်သားများမှ ၎င်းတို့၏ ရပိုင်ခွင့်များ
အပြည့်အ၀ရရှိရေးအတွက် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီများအုပ်စုထံ
တောင်းဆိုမှုများပြုလုပ်ခဲ့သော်လည်း အဆင်ပြေမှုမရရှိခဲ့၍ ဇွန်လ ၁၁ရက် နေ့တွင်
နိုင်ငံတော်သမ္မတအိမ်တော်ရှိရာ နေပြည်တော်သို့ မိုးထိမိုးမိဒေသမှ
ရက်ရှည်ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြောင်း၊ ၂၀၁၂ခုနှစ် ဇွန်လ ၁၄ရက်နေ့တွင်
ရွှေမြင်တင် ဘုရား တောင်ခြေရင်း၌ သက်ဆိုင်ရာတာဝန်ရှိသူများ၏ ညှိနှိုင်းပေးမှုကြောင့်
အချက် ၆ချက်ပါ စာချုပ်အရ ဆန္ဒထုတ်ဖော်မှုတွေ ရပ်တန့်ခဲ့ကြောင်းလည်း
သိရသည်။အဆိုပါရွှေလုပ်သားများ၏ ဆန္ဒဖော်ထုတ်ခြင်းကို နံနက် ၁၀နာရီမှ စတင်
ခွင့်ရရှိခဲ့ကာ နေ့လည်၁နာရီအချိန်တွင် ပြီးဆုံးရမည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment