Wednesday, November 7, 2012

Business Information SMS စနစ်ကို ၂၄ နာရီကြည့်ရှုနိုင်သည့် Application ပုံစံသို့တိုးမြှင့်

Business Information SMS စနစ်ကို ၂၄ နာရီကြည့်ရှုနိုင်သည့် Mobile Application ပုံစံသို့တိုးမြှင့်လိုက်ကြောင်း eTrade Myanmar မှသိရသည်။ ယခင် Business Information SMS စနစ်မှ ရွှေဈေး၊ ငွေဈေးနှင့် အခြားလောင်စာဆီ၊ ရောင်းကုန်ဈေးနှုန်း သတင်းအချက်အလက်များကို ၀န်ဆောင်မှု ပုံစံအမျိုးအစားအလိုက် စာတိုစနစ်ဖြင့် တစ်နေ့လျှင်တစ်ကြိမ်မှ ၁၆ ကြိမ်အထိ ပေးပို့မှုများရှိခဲ့သည်။

အဆိုပါစနစ်ကို ယခု eTm Biz Mobile APPS ဖြင့် ၂၄ နာရီ သတင်းအချက်အလက်ရရှိနိုင်ရန် တိုးမြှင့်ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း သိရသည်။ “ရွှေဈေး၊ ငွေဈေး၊ လောင်စာဆီဈေး၊ ပဲဈေး အစရှိတဲ့ စီးပွားရေးဆိုင်ရာ အချက်အလက်တွေကို
Business Information SMS ၀န်ဆောင်မှုရယူသူတွေ အချိန်နဲ့တစ်ပြေးညီ ရရှိစေဖို့ ရည်ရွယ်ပါတယ်။ eTm Biz Mobile APPS ကိုလည်း Business Information SMS ၀န်ဆောင်မှု ရယူသူတွေကို အခမဲ့ပေးမှာဖြစ်ပါတယ်။ ဈေးနှုန်းတွေအပြင် အခြားပြည်တွင်းပြည်ပသတင်း၊ ဈေးကွက်သတင်းတွေကိုလည်း ပို့ပေးမှာဖြစ်ပြီး နေ့စဉ်ဈေးနှုန်းများကို မှတ်တမ်း၊ ဂရပ်များဖြင့် သိမ်းဆည်းပေးထားမှာ ဖြစ်ပါတယ်” ဟု eTrademyanmar မှတာဝန်ရှိသူကရှင်းပြသည်။ အဆိုပါ eTm Biz Mobile Apps ကို http://apps.etmsms.com တွင် အခမဲ့ရယူနိုင်မည်ဖြစ်ပြီး ရွှေဈေး၊ ငွေဈေး၊ လောင်စာဆီဈေးနှင့် အခြားသတင်းအချက်အလက်များကို နိုဝင်ဘာလ ၃၀ ရက်အထိ Application အသုံးပြုသူများအတွက် အခမဲ့ပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Application ကို ဒီဇင်ဘာလမှစ၍ မိမိရယူထားသည့် ၀န်ဆောင်မှုနှင့် ဈေးကွက်သတင်း၊ မှတ်တမ်း၊ ဂရပ်များကိုသာ သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ eTm Biz Mobile APPS ကို (Beta Version) ဖြင့်စတင်ခြင်းဖြစ်ပြီး Android Phone များတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ Beta Version မှ အဆင့်မြှင့်တင်ပြီးသည့်အခါတွင် iOS များတွင်ပါ အသုံးပြုနိုင်ရန်အတွက် လုပ်ဆောင်မည်ဖြစ်သည်။ ထို့အပြင် ယခင် Business Information SMS စနစ်ကိုလည်း ဆက်လက်ပေးပို့မည်ဖြစ်ကြောင်း သိရသည်။ Business Information ၀န်ဆောင်မှု ရယူလိုသူများနှင့် အသေးစိတ်အချက်အလက် သိရှိလိုပါက eTade Myanmar ဖုန်း ၆၅၂၂၈၃၊ ၅၀၇၁၅၄၊ သို့ ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်သည်။

ရေးသားသူ -မိုးသူ
Internet Journal

No comments:

Post a Comment